
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ စစ်အာဏာရှင်တပ် အသုံးပြုဖို့ အဓမ္မသိမ်းထားတဲ့ မြေဧရိယာ ဧက ၂,၀၀၀ ကျော်ထဲက အပုံ ၄၀ ပုံ ၁ ပုံစာဖြစ်တဲ့ ဧက ၅၀ ကျော်ကို ပြန်စွန့်လွှတ်ပြီး ကျူးကျော်အိမ်ထောင်စုတွေအတွက် မြေကွက်ဖော်ထုတ်မယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားပါတယ်။
မှော်ဘီမြို့နယ်မှာ ကာကွယ်ရေးဝန်ကြီးဌာန၊ လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ် (မှော်ဘီ)က အသုံးပြုဖို့ သိမ်းယူ၊ လွှဲပြောင်းထားတဲ့ မြေဧရိယာ ၂,၀၂၉ ဒသမ ၇၄ ဧကထဲက ၅၀ ဒသမ ၁၄ ဧကကို ပြန်လည်စွန့်လွှတ်ပြီး ကျူးကျော်အိမ်ထောင်စုတွေအတွက် ၄၀ ပေ × ၆၀ ပေ မြေကွက်တွေ ဖော်ထုတ်ကာ ပြန်လည်နေရာချပေးမယ်လို့ ဆိုပါတယ်။
ကျူးကျော်တွေအတွက် သတ်မှတ်ထားတဲ့ မြေ ဧက ၅၀ ကျော်ဟာ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာအုပ်စုနဲ့ ဝါးပတောကျေးရွာအုပ်စုတွေမှာ တည်ရှိတာဖြစ်ပြီး အရင်က လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ် (မှော်ဘီ) အသုံးပြုဖို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ မြေသိမ်း၊ မြေလွှာအမိန့်တွေနဲ့ လွှဲပြောင်းပေးထားတဲ့ မြေတွေထဲက ဖြစ်ပါတယ်။
အမိန့်ကြော်ငြာစာအရ ပြန်လည်စွန့်လွှတ်တဲ့ မြေထဲမှာ မြေသိမ်းဧရိယာ ၁၉ ဒသမ ၃၅ ဧက နဲ့ မြေလွှဲဧရိယာ ၃၀ ဒသမ ၇၉ ဧကပါဝင်ပြီး စုစုပေါင်း ၅၀ ဒသမ ၁၄ ဧက ဖြစ်ပါတယ်။
လှည်းကူးက ဖျက်ခံရတဲ့အထဲ ပါဝင်တဲ့ ဒေသခံတယောက်က “ဖျက်ကြ။ သွားကြဆိုတာထက် အခုလိုမျိုး မြေနေရာ အစားထိုးပေးတာမျိုးဆိုရင်တော့ မဆိုးဘူးလား ထင်ပါတယ်။ ခု ပြောင်းဆို မပြောင်းနိုင်ဘူး ဖြစ်နေတယ်။ ဘယ်ပြောင်းရမှန်း မသိဘူး’’ လို့ ပြောပါတယ်။
ဒါပေမဲ့ သိမ်းထားတဲ့ မြေဧရိယာနဲ့ ပြန်ပေးမယ်ဆိုတဲ့ မြေဧရိယာက အဆတန် ကွာဟနေတာကြောင့် နေအိမ်ဖျက်ဆီးခံထားရတဲ့ လူတိုင်း မြေအစားပြန်ရနိုင်၊ မရနိုင် ရေရေရာရာ မသိရသေးပါဘူး။
ဒါ့အပြင် အဆိုပါ မြေကွက်တွေကို ဘယ်ကျူးကျော်အိမ်ထောင်စုတွေအတွက် နေရာချထားပေးမယ်၊ အိမ်ထောင်စု ဘယ်လောက်ရှိမယ်၊ ဘယ်အချိန်မှာ နေရာချထားပေးမယ် ဆိုတဲ့ အသေးစိတ် အချက်တွေကိုလည်း အမိန့်ကြော်ငြာစာမှာ ဖော်ပြထားခြင်း မရှိပါဘူး။
စစ်အုပ်စုနဲ့ နီးစပ်သူတွေကကတော့ ဒါဟာ လှည်းကူးကနေ ရွှေ့ပြောင်းကြရတော့မဲ့ စားကျက်မြေပေါ်က ပြည်သူတွေ ဖြစ်တယ်လို ပြောပါတယ်။
တရားလွှတ်တော်ရှေ့နေတယောက်က “ဇီးသီးဗန်းမဖြစ်ဖို့ လိုပါတယ်။ သူတို့ ပေးချင်တဲ့သူ မပေးဖို့ လိုပါတယ်’’လို့ ထောက်ပြပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနဟာ အဆိုပါ မြေဧရိယာကို ကျူးကျော်အိမ်ထောင်စုတွေအတွက် မြေကွက်တွေ ဖော်ထုတ်ပြီး စနစ်တကျ ပြန်လည်နေရာချထားနိုင်ရေး နိုင်ငံတော်ထံ ပြန်လည် စွန့်လွှတ်အပ်နှံခွင့်ပြုဖို့ တင်ပြခဲ့တာကြောင့် ဒီတင်ပြမှုနဲ့ပတ်သက်ပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရုံးကလည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်ဖို့ အကြောင်းကြားခဲ့တာဖြစ်လို့ ပြန်လည်စွန့်လွှတ်တဲ့ မြေ ၅၀ ဒသမ ၁၄ ဧကကို နိုင်ငံတော်ပိုင်မြေ (State Land) အဖြစ် သတ်မှတ်လိုက်တာလို့ သိရပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနအတွက် မှော်ဘီမှာ ၂၀၁၀ ပြည့်နှစ်က သိမ်းယူ၊ လွှဲပြောင်းပေးထားတဲ့ မြေဧရိယာဟာ စုစုပေါင်း ၂,၀၂၉ ဒသမ ၇၄ ဧက ရှိပြီး ၅၀ ဒသမ ၁၄ ဧကကို ပြန်လည်စွန့်လွှတ်ပြီးနောက် ၁,၉၇၉ ဒသမ ၆၀ ဧက ကျန်ရှိပါတယ်။
အဲဒီကျန်ရှိတဲ့ မြေ ၁,၉၇၉ ဒသမ ၆၀ ဧကကို လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ် (မှော်ဘီ) အသုံးပြုဖို့ မြေဧရိယာအဖြစ် ပြင်ဆင်သတ်မှတ်ထားပါတယ်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ထဲက ဆယ်စုနှစ် လေး ငါးခုလောက် လူနေထိုင်လာတဲ့ ကျေးရွာ ၉ ရွာ က လူနေအိမ်တွေကို စစ်အာဏာရှင်အစိုးရက စားကျက်မြေ၊ ကျူးကျော်မြေဖြစ်တယ်ဆိုပြီး ဖျက်သိမ်းခိုင်းထားပါတယ်။










