
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က သံဃနာယကဥက္ကဋ္ဌ ဦးဃောတိသဟာ ဝိနည်းနဲ့ မအပ်စပ်တဲ့ အဂတိလိုက်စားမှုနဲ့ အာဏာအလွဲသုံးစားမှုတွေနဲ့ တိုင်ကြားခံထားရတယ်လို့ သံဃာတွေထံက သိရပါတယ်။
အဲဒီဘုန်းကြီးရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ သံဃာတွေစုပြီး လက်မှတ်ရေးထိုး တိုင်ကြားခဲ့ပေမဲ့ အရေးယူခြင်း တစုံတရာမရှိဘူးလို့ နီးစပ်တဲ့ ဒေသခံ တယောက်က ပြောပါတယ်။
“ဘုန်းကြီးတွေ စုပြီးတော့ လက်မှတ်ထိုးပြီး တိုင်ထားတယ်။ မဟန နဲ့ သမ္မတရုံးကိုလည်း လိပ်မူပြီး ပြောထားတယ်။ စိစစ်ပေးဖို့ပေါ့။ အခုချိန်ထိလည်း အရေးယူတာ မတွေ့ရဘူး။ မြေတွေကိုလည်း အကွက်ရိုက်ရောင်းတယ်။ အစိုးရဓမ္မစရိယစာမေးပွဲတွေမှာလည်း မမှန်မကန်လုပ်တာတွေလည်း ရှိတယ်။ ဒီလိုဝိနည်းနဲ့မညီတဲ့ သံဃာကို အရေးယူစေချင်တာပါ။ တခြား လာဘ်စားထားတာတွေလည်း ရှိတယ်။ ထိထိရောက်ရောက် အရေးယူစေချင်တာပါ”လို့ ပြောပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဦးဃောတိသ ဘက်ကိုတော့ ဆက်သွယ် မေးမြန်းနိုင်ခြင်းမရှိပါဘူး။
ဒါ့အပြင် မကြာသေးမီက မှော်ဘီမြို့နယ်မှာ ကျင်းပခဲ့တဲ့ ဝိနည်းဓိုရ်သင်တန်းမှာ တိုင်းသံဃနာယက ဥက္ကဋ္ဌဟောင်း ဦးဣဒ္ဓိဗလ သင်ကြားပို့ချခဲ့တဲ့အပေါ် သင်တန်းတက်ရောက်သူ သံဃာတချို့က ကန့်ကွက်တာ ရှိပါတယ်။
သံဃာရေးရာကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) က ကြီးကြပ်ဆောင်ရွက်ပြီး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် သံဃနာယကအဖွဲ့များကလည်း သံဃဝိနည်း၊ သာသနာရေးဆိုင်ရာ ကိစ္စတွေကို စီမံခန့်ခွဲကြပါတယ်။
သံဃနာယကအဖွဲ့ဝင် သို့မဟုတ် ဥက္ကဋ္ဌတယောက်အပေါ် ဝိနည်းချိုးဖောက်မှု၊ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှုစတဲ့ စွပ်စွဲချက်တွေ ပေါ်ပေါက်လာပါက သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တိုင်ကြားနိုင်ပြီး စုံစမ်းစစ်ဆေးပြီးမှသာ အရေးယူမှုတွေ ဆောင်ရွက်လေ့ရှိတယ်လို့ သိရပါတယ်။










