
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အစိုးရရဲ့ သုံးစွဲငွေတွေထဲက မသမာမှု၊ အဂတိလိုက်စားမှုနဲ့ လေလွင့်ပြုန်းတီးမှုတွေကို ဖော်ထုတ်ဖို့ “မသမာမှု ဖော်ထုတ်သူများ ဆုကြေးပေးရေး အစီအစဉ်သစ်” ကို အောက်တိုဘာ ၂၀ ရက်မှာ ကြေညာလိုက်ပါတယ်။
ဒီအစီအစဉ်အရ ပြည်သူတွေ၊ အလွတ်သတင်းထောက်တွေနဲ့ ဘယ်သူမဆို အစိုးရရန်ပုံငွေ အလွဲသုံးစားလုပ်မှုကို fraud.gov ဝက်ဘ်ဆိုက်သစ်ကနေ သတင်းပေးပို့နိုင်တယ်လို့ ထရမ့်ပ်က ဘဲဥပုံရုံးခန်းမှာ ပြောပါတယ်။
သတင်းပေးပို့မှုကြောင့် အစိုးရ ရန်ပုံငွေတွေကို ပြန်သိမ်းနိုင်ခဲ့ရင် အဲဒီသတင်းပေးသူကို ၁ ရာခိုင်နှုန်း ဆုကြေးပေးမှာပါ။
ဒေါ်လာ ၁ ဘီလီယံကနေ ဘီလီယံ ၄၀၀ အထိ ပမာဏကြီးတဲ့ မသမာမှုတွေကို ဖော်ထုတ်နိုင်ရင် ဆုကြေးငွေက ဒေါ်လာသန်းပေါင်းများစွာအထိ ရနိုင်ပြီး မိမိကိုယ်တိုင် သတင်းပေးတာဖြစ်ကြောင်း ခိုင်လုံစွာ သက်သေပြရပါမယ်။
သတင်းထောက်တွေလည်း သတင်းစာတိုက် ခွင့်ပြုချက်နဲ့ သတင်းပေးရင် ဆုကြေးရနိုင်ပြီး “ဆုကြေးရရင် ပိုက်ဆံရှာရတာ လွယ်လွန်းလို့ သတင်းထောက်တောင် ဆက်လုပ်တော့မှာ မဟုတ်ဘူး” လို့ ထရမ့်ပ်က နောက်ပြောင် ပြောဆိုခဲ့ပါတယ်။
ဒုတိယသမ္မတ ဂျေဒီဗန့်စ် ကတော့ ဒီလို မသမာမှုတွေဟာ ဆင်းရဲသားတွေကို အစားအစာ ထောက်ပံ့ပေးတဲ့ အစီအစဉ်တွေနဲ့ ကလေးတွေ ဆေးကုသခွင့်ပေးတဲ့ အစီအစဉ်တွေဆီက ရန်ပုံငွေတွေကို ခိုးယူနေတာဖြစ်လို့ ဒါကို တားဆီးရမယ်လို့ ပြောပါတယ်။
ဆုကြေးငွေ ခွဲဝေမှုနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်လာရင်လည်း လုပ်ငန်းစဉ် မြန်ဆန်အောင် ထရမ့်ပ် ကိုယ်တိုင် ဒိုင်လုပ်ပြီး ဆုံးဖြတ်ပေးမယ်လို့ ဆိုပါတယ်။
သတင်းပေးသူ အပြိုင်ဖြစ်နေရင် ခွဲဝေပေးတာမျိုး လုပ်ပေးမှာဖြစ်ပြီး ရက်ရက်ရောရော ဘက်မလိုက်ဘဲ ဆုံးဖြတ်ပေးကာ ဆုကြေးငွေကို ချက်ချင်းထုတ်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
မသမာမှုနဲ့ ဘဏ္ဍာလေလွင့်ပြုန်းတီးမှုတွေကို လျှော့ချရာက ရလာမဲ့ စုဆောင်းငွေတွေဟာ နိုင်ငံတော် လိုငွေပြ ပြဿနာကို လျှော့ချပေးနိုင်မလားလို့ မေးမြန်းရာမှာတော့ ထရမ့်ပ်က “အလွန်ကြီးမားတဲ့ ခြားနားချက်” ဖြစ်ပေါ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပြီး လိုငွေပြမှု လျှော့ချရေး ကြိုးပမ်းချက်တွေကို ကနေဒါနဲ့ မက္ကဆီကို အပါအဝင် နိုင်ငံတွေနဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေးလိုငွေပြမှုကို လျှော့ချဖို့ ကြိုးပမ်းမှုတွေနဲ့ ဆက်စပ် ပြောဆိုခဲ့ပါတယ်။
Source: Reuters











