ရုရှားနိုင်ငံ မြာရ်မန်စ်ခ်ဒေသ အုပ်ချုပ်ရေးမှူးကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးထိန်းသိမ်း

ရုရှားနိုင်ငံရဲ့ အကြီးဆုံး အာတိတ်ဒေသ ဆိပ်ကမ်းနဲ့ မြောက်ပိုင်းရေတပ် အခြေစိုက်ရာနေရာလည်း ဖြစ်တဲ့ မြာရ်မန်စ်ခ်ဒေသ အုပ်ချုပ်ရေးမှူး အန်ဒရီ ချီဘစ်စ်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရုရှား ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားကစပြီး ကျူးကျော်ကတည်းက ခုထိ အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ အဖမ်းခံရတဲ့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဒေသဆိုင်ရာ အကြီးအကဲတွေထဲမှာ အန်ဒရီ ချီဘစ်စ်က ပထမဆုံးပါ။
ပင်လယ်နက်အတွင်း ပဋိပက္ခတွေနဲ့ ဘောလ်တစ်ပင်လယ်ဒေသမှာ တင်းမာမှုတွေ မြင့်တက်လာ နေလို့ ရုရှားနိုင်ငံရဲ့ ကောက်ပဲသီးနှံ ပို့ကုန်ကဏ္ဍမှာ ဒီမြို့ရဲ့ အခန်းကဏ္ဍက အရေးပါပါတယ်။
ချီဘစ်စ်ဟာ မြောက်ပိုင်းပင်လယ်ရေကြောင်းလမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး အနီးကပ် ပါဝင် ဆောင်ရွက်ခဲ့သူပါ။ ရေကြောင်းလမ်းအတွက် အလွန်အရေးပါတဲ့ ရေခဲခွဲသင်္ဘောအုပ်စုလည်း ဒီမြို့မှာ အခြေစိုက်ထားပါတယ်။
သူဟာ ပမာဏအလွန်ကြီးတဲ့ လိမ်လည်မှုနဲ့ ငွေကြေးခိုးယူမှုတို့ကို ကျူးလွန်တယ်လို့ သံသယရှိ ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၃ ရက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒေသဆိုင်ရာ ဆောက်လုပ်ရေး ဝန်ကြီးဌာနကနေ ရုရှား ရူဘယ်ငွေ ၃၉ သန်းကျော်နဲ့ သယ်ယူ ပို့ဆောင်ရေးဝန်ကြီးဌာနကနေ ရူဘယ်ငွေ ၁ ဘီလီယံကျော်ကို တရားမဝင် ရယူသုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။
သယ်ယူပို့ဆောင်ရေးဆိုင်ရာ ရန်ပုံငွေတွေကို အပါတစ်တီမြို့နဲ့ ကီရော့ဗ်စ်ခ်မြို့ကြား အဝေးပြေး လမ်းမကြီး ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် သတ်မှတ်ထားတာပါ။
ကီရော့ဗ်စ်ခ်မြို့ဟာ ဓာတ်မြေသြဇာ ထုတ်လုပ်ရေးလုပ်ငန်းကြီးတခုဖြစ်တဲ့ PhosAgro ရဲ့ အခြေစိုက်စခန်း ရှိရာမြို့လည်း ဖြစ်ပါတယ်။
တရားမဝင် ငွေကြေးလွှဲပြောင်းမှုတွေ ရှိမရှိကိုလည်း စုံစမ်းစစ်ဆေးသူတွေက စစ်ဆေးနေတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ချီဘစ်စ်ဟာ လှေတစင်းကို လာဘ်ငွေအဖြစ် လက်ခံရယူခဲ့တယ်လို့ သံသယရှိနေတဲ့အကြောင်း စီးပွားရေးသတင်းစာ ကွန်မားဆန့်က ဖော်ပြပါတယ်။
ရုရှားသမ္မတရုံးက ဒီအမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။ ချီဘစ်စ်က သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
Source:Reuters











