
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ရဲ့ တာဝန်ရှိသူတွေနဲ့ ရုံးပိုင်းဆိုင်ရာ ဝန်ထမ်းတွေ အဂတိလိုက်စားတာ၊ ပြည်သူအပေါ် မောက်မာတဲ့ ဆက်ဆံမှုတွေ ရှိလာပါက အချက်အလက် အပြည့်အစုံနဲ့ အာရက္ခပြည့်အစိုးရရဲ့ အမှုတိုင်ကြားစာလက်ခံတဲ့ Just For Arakan ထံကို တိုင်တန်းနိုင်တယ်လို့ ULA ရဲ့ အမြဲတမ်းအတွင်းဝန်ရုံး ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူ မမြဇံဝေက ပြောပါတယ်။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) က မြေပြင်မှာ အုပ်ချုပ်ရေးယန္တရား စတင်တဲ့ ၂၀၂၁ ခုနှစ်ကတည်းက ဥပဒေရေးရာ ကိစ္စရပ်တွေ၊ မြေယာအမှုတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အဂတိလိုက်စားမှုတွေနဲ့ ပြည်သူပေါ် ဆက်ဆံရေး မပြေပြစ်တဲ့အပေါ် အကြံပေးနိုင်ဖို့နဲ့ အရေးယူနိုင်ဖို့ ဖွဲ့စည်းထားတာဖြစ်ပြီး Telegram လူမှုကွန်ရက်ကတဆင့် Just For Arakan ကို တိုင်တန်းနိုင်တယ်လို့ မမြဇံဝေက စက်တင်ဘာ ၁၉ ရက်က အာရက္ခပြည်သူ့အသံ မီဒီယာနဲ့ သီးသန့်အင်တာဗျူးမှာ ပြောကြားလိုက်တာဖြစ်တယ်။
ULA ရဲ့ အမြဲတမ်းအတွင်းဝန်ရုံး ဒုတိယ ညွှန်းကြားရေးမှူး မမြဇံဝေက “Just For Arakan မှာ တိုင်လို့ရတဲ့ အမှုတွေကတော့ ပြည်သူတွေက ဗဟိုအစိုးရကို တင်ပြချင်တဲ့၊ တိုင်ကြားလိုတဲ့၊ မေးမြန်းလိုတဲ့ ကိစ္စတိုင်းကို ခွင့်ပြုထားတယ်။ အဓိက ကျမတို့တွေ့လာရတဲ တိုင်ကြားချက်တွေကတော့ ဌာနဆိုင်ရာတွေရဲ့ လုပ်ထုံးလုပ်နည်းတွေမှာ မရှင်းလင်းမှု၊ နားမလည်မှုတွေ တွေ့ရပါတယ်။ ပြီးတော့ ဥပဒေပိုင်းဆိုင်ရာ နားမလည်မှုတွေကိုလည်း တွေ့ရပါတယ်။ နောက်တခုက ဥပဒေအကာကွယ် အရေးပေါ် လိုအပ်နေတဲ့ အချိန် အထူးသဖြင့် ဥပဒေအကူအညီရဖို့ အခက်ခဲဖြစ်နေတဲ့ အချိန်တွေမှာ အကျိုးအကြောင်း တိုင်ပင်ပြီး အကူအညီတောင်းလို့ရပါတယ်။ နောက်တခုက ဌာနဆိုင်ရာတွေမှာ ဝန်ဆောင်မှုတွေ သွားယူတဲ့အချိန် တခုခု အဆင်မပြေတာတွေ၊ လုပ်ထုံးလုပ်နည်းတွေက ပြည်သူတွေအတွက် အခက်ခဲဖြစ်စေတဲ့ ကိစ္စရပ်တွေကိုလည်း တိုင်ကြားလို့ရပါတယ်။ နောက်တချက် အရေးကြီးတာက အဂတိမှုတွေ ကြုံရတာ၊ ဆက်ဆံရေး အဆင်မပြေ ဌာနဆိုင်ရာတွေမှာ ဝန်ဆောင်မှုပေးတဲ့အခါ ဆက်ဆံရေး မောက်မောက်မာမာ ပြောတာတွေ ကြုံလာရတဲ့အခါတွေမှာ နေ့ရက်တွေ၊ နေရာတွေ၊ ပြုလုပ်တဲ လူတွေနဲ့ အချက်အလက်တွေ သေသေချာချာ စနစ်တကျထည့်ပြီး ကျမတို့ဆီကို တိုင်ကြားလို့ရပါတယ်” လို့ ပြောပါတယ်။
Just For Arakan ထံကို ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ တိုင်ကြားလာတဲ အမှုပေါင်း ၇၄၁ မှုအထိ ရှိလာနေပြီး တိုင်ကြားတဲ့ အမှုတွေကို သက်ဆိုင်ရာ ဌာနဆိုင်ရာတွေအလိုက် တာဝန်ယူပြီး လုပ်ဆောင်မှုတွေ ပြုလုပ်လာနေတယ်လို့ ဆိုပါတယ်။
ဒါအပြင် မီဒီယာတွေအနေနဲ့ ရရှိထားတဲ့ သတင်းအချက်အလက်တွေမှာ ရင်းမြစ်မတိကျတာတွေ၊ မရှင်းလင်းတာတွေရှိတဲ့ သတင်းအချက်အလက် မှန်၊ မမှန် အတည်ပြုနိုင်ဖို့အခါမှာလည်း ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ ဆီတဆင့် ဆက်သွယ်မေးမြန်းနိုင်သလို Just For Arakan ကလည်း အတည်ပြု မေးမြန်နိုင်တယ်လို့ သူက ပြောပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေနဲ့ လက်ရှိ စစ်ရေးပြင်းထန်နေကြတဲ့ မြို့နယ်အချို့မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးတွေ ပြလုပ်နေတာဖြစ်ပြီး အဲဒီလို လုပ်ဆောင်မှုတွေအတူ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ အဂတိမှုတွေ၊ ပြည်သူတွေအပေါ် ဆက်ဆံရေး မပြေပြစ်မှုတွေနဲ့ ဝေဖန်မှုတွေ ဆက်တိုက်ထွက်ပေါ်နေပါတယ်။
မြောက်ဦးမြို့ခံ လူငယ် အမျိုးသားတယောက်က “အစိုးရတရပ် စနစ်တကျ လည်ပတ်နိုင်ဖို့ဆိုရင် အဂတိကင်းစင်ဖို့နဲ့ ပြည်သူဆက်ဆံရေးမှာ ပြေပြေပြစ်ပြစ် ပြောဆို ဆက်ဆံရေးနိုင်တာက အစိုးရနဲ့ ပြည်သူအကြား နီးစပ်မှုကို အများကြီး ဖြစ်စေနိုင်တယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းကဆိုရင် ဌာနအချို့က အလုပ်ခေါ်တာတွေမှာ အဂတိလိုက်စားမှုတွေ ရှိတယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့တာတွေရှိတယ်။ အခု ULA ဘက်က ဒီလို တရားဝင် ပြောဆိုပြီး တိုင်တန်းကြဖို့ ပြောလာတယ်ဆိုတော့ အစိုးရဘက်က စနစ်တကျ ကိုင်တွယ်မှုရှိနေတယ်လို့ ယူဆရတာကြောင့် ပြည်သူတယောက် အနေနဲ့တော့ ကြိုဆိုရမှာ” လို့ ပြောပါတယ်။











