
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)နဲ့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)က ထိပ်ပိုင်းခေါင်းဆောင်တွေဟာ အောက်တိုဘာ ၈ ရက် မှာ အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ကြပြီး လက်ရှိ နိုင်ငံတဝန်း စစ်ရေးအခင်းအကျင်းတွေကို ဆွေးနွေး ခဲ့ကြတယ်လို့ SCEF က အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
SCEF ဘက်က NUG ရဲ့ယာယီသမ္မတ ဒူဝါလရှီးလ၊ အလှည့်ကျ သဘာပတိ ခူဦးရယ်၊ အတွင်းရေးမှူးအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးတို့ ဦးဆောင်တက်ရောက်ခဲ့ကြသလို ULA/AA ဘက်က ဒု ဥက္ကဋ္ဌ ၁ ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
၂ နာရီလောက်ကြာတဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ စက်တင်ဘာ ၂၈ ရက်နေ့က ကျောက်တော်မြို့၊ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတား ဗုံးကြဲတိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချပြီး ရခိုင်ပြည်သူနဲ့ ထပ်တူဝမ်းနည်းကြောင်း၊ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းကတဆင့် အရပ်သားပြည်သူတွေ အပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုကို ဗြောင်ကျကျကျူးလွန်တာဖြစ်ပြီး မြန်မာပြည်တွင်းစစ်မီးဟာ ပိုမိုတောက်လာနိုင်ကြောင်းနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေလည်း ပိုဆိုးလာစေနိုင်တယ်လို့ ဆွေးနွေးခဲ့ကြတယ်လို့ ပြောထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်အာဏာရှင်တပ်ရဲ့ လက်ရှိထိုးစစ်အခြေအနေတွေ၊ SCEF ဘက်က လက်ရှိလုပ်ဆောင်နေတဲ့ အခြေအနေတွေ၊ လုပ်ငန်းတချို့နဲ့ နိုင်ငံရေးမျှော်မှန်းချက်တချို့တို့ကို အသိပေးခဲ့ကြပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေးအခင်းအကျင်းအခြေအနေတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ပြီးတော့ ရခိုင်ပြည်နယ်ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအခြေအနေတွေနဲ့ ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေကိုပါ ထပ်မံဆွေးနွေးခဲ့ကြပြီး ULA/AA ဘက်လည်း လက်ရှိ မြန်မာနိုင်ငံရေး၊ စစ်ရေးအခင်းအကျင်း အခြေအနေတွေကို ဆွေးနွေးခဲ့ပြီး ဒေါက်တာ ညိုထွန်းအောင်က အပိတ်မိန့်ခွန်း ပြောခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ULA/AA နဲ့ SCEF တို့ဟာ ဇူလိုင် ၂၃ ရက်နေ့ကလည်း ပထမအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဲဒီတုန်းက ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။
SCEF ဟာ ပြည်တွင်းက တော်လှန်ရေးအင်းအားစုတွေ၊ ဒီမိုကရေစီလှုပ်ရှားမှုအင်အားစုတွေနဲ့ ဆက်တိုက်တွေ့ဆုံနေတာတွေကို တွေ့ရပါတယ်။
SCEF ကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO/KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့က ၂၀၂၆ ခုနှစ်၊ မတ် ၃၀ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ကြတာဖြစ်ပြီး နောက်ပိုင်းမှာ ဒေသအခြေစိုက် ဖက်ဒရယ်ယူနစ်တွေဖြစ်တဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးတိုင်း ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ မကွေးဖက်ဒရယ် ယူနစ်တို့လည်း ပူးပေါင်းခဲ့ကြပါတယ်။











