
ဟွန်ဒူးရပ်စ်တရားရုံးဟာ သမ္မတဟောင်း ဟွမ်န်အော်လန်ဒို ဟာနန်ဒက်ဇ်ကို လိမ်လည်မှု၊ ငွေကြေးခဝါချမှုတွေနဲ့ စွဲချက်တင်ထားမှုကို ရုပ်သိမ်းလိုက်ကြောင်း တရားစီရင်ရေး အာဏာပိုင်တွေက စက်တင်ဘာ ၁ ရက်မှာ ပြောပါတယ်။
ဂိုဏ်းဖွဲ့ကျူးလွန်တဲ့ ရာဇဝတ်မှု၊ သဘာဝပတ်ဝန်းကျင်နဲ့ အဂတိလိုက်စားမှုဆိုင်ရာ တရားရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ကားလို့စ်ဆေးလ်ဗားက ဒေသတွင်း မီဒီယာတွေကို ပြောရာမှာတော့ ပြစ်မှုဖြစ်ပွားခဲ့တဲ့ အချိန်တုန်းက ဟာနန်ဒက်ဇ်ဟာ ဘတ်ဂျက်ဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ တာဝန်မရှိကြောင်းနဲ့ အလွဲသုံးစားလုပ်ထားတဲ့ ရန်ပုံငွေတွေဟာ သူ့ရဲ့ ၂၀၁၃ သမ္မတ မဲဆွယ်ပွဲဆီ စီးဝင်သွားခဲ့တယ်ဆိုတာကို အတည်မပြုနိုင်ဘူးလို့ တရားသူကြီးက ကောက်ချက်ချခဲ့ကြောင်း ပြောသွားပါတယ်။
ဒါ့အပြင် အမှုစတင်စစ်ဆေးစဉ်ကတည်းက ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်အားလုံး ပျက်ပြယ်သွားပြီဖြစ်လို့ အပြီးသတ် လွတ်မြောက်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးသွားမယ်လို့ လည်း ဆိုပါတယ်။
အမိန့်ထွက်လာပြီးနောက်မှာ သမ္မတဟောင်း ဟာနန်ဒက်ဇ်က “အမေရိကန်မှာရော ဒီ (ဟွန်ဒူးရပ်စ်) မှာပါ နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်မှုဟာ ခုတော့ ပြီးဆုံးသွားခဲ့ပါပြီ” လို့ ပြောကြားခဲ့ပါတယ်။
သူက အပြစ်မရှိကြောင်း အမြဲတမ်းငြင်းဆိုခဲ့သလို တရားလိုဘက်က သက်သေတွေနဲ့ ကျွမ်းကျင်သူတွေကိုယ်တိုင် တရားခွင်မှာ သူ့ကို ညွှန်ပြနိုင်တဲ့ အထောက်အထား မရှိဘူးလို့ ထွက်ဆိုခဲ့ကြလို့ ခုလို ရလဒ်မျိုး မျှော်လင့်ထားပြီးသားဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အမေရိကန်ရှိ အကျဉ်းထောင်မှ လွတ်မြောက်ပြီး ၉ လအကြာမှာ အခုလို အမှုရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။
ဟာနန်ဒက်ဇ်ဟာ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု စွပ်စွဲချက်တွေနဲ့ ၂၀၂၂ ခုနှစ်မှာ အမေရိကန်ကို လွှဲပြောင်းပေးခြင်းခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင်လနှောင်းပိုင်းမှာမှ ဟွန်ဒူးရပ်စ်နိုင်ငံကို ပြန်ရောက်လာခဲ့တာပါ။
အမေရိကန်မှာ ၂ နှစ်အကြာမှာ ထောင်ဒဏ် ၄၅ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပေမဲ့ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိခဲ့ပါတယ်။
အမေရိကန်ထောင်ကနေ လွတ်မြောက်လာခဲ့ပေမဲ့ ပန်ဒိုရာတူး လို့ လူသိများတဲ့ ကျယ်ပြန့်တဲ့ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တပိုင်းအနေနဲ့ ဟွန်ဒူးရပ်စ်မှာ ဟာနန်ဒက်ဇ်ဟာ လိမ်လည်မှုနဲ့ ငွေကြေးခဝါချမှု စွပ်စွဲချက်တွေကို ဆက်လက် ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။











