DVB Logo
Home
မြန်မာသတင်း
FATF အမည်ပျက်စာရင်းနှင့် မြန်မာ့ဘဏ်လုပ်ငန်း ၂၀၂၇ အလားအလာ
မြတ်သဇင်
·
November 4, 2026
Photo: DVB
Photo: DVB
Donate to DVB

ကမ္ဘာ့ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ထောက်ပံ့နေတဲ့ အမည်ပျက် (Blacklist) စာရင်းမှာ ဆက်လက် ထားရှိလိုက်တာဟာ လက်ရှိ မြန်မာ့ဘဏ်လုပ်ငန်းနဲ့ စီးပွားရေးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။

စက်တင်ဘာ ၂၈ ရက်ကနေ အောက်တိုဘာ ၃၀ ရက်အထိ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပတဲ့အစည်းအဝေးမှာ မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ထောက်ပံ့နေတဲ့ အန္တရာယ်ရှိ နိုင်ငံများစာရင်း၊ အမည်ပျက် (Blacklist) စာရင်းမှာ ဆက်လက်ထားရှိဖို့အတွက် ကမ္ဘာ့ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (FATF) က ဆုံးဖြတ်ခဲ့တာပါ။

ဒါ့အပြင် လာမဲ့ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ အားနည်းချက်တွေကို မဖြေရှင်းပေးနိုင်ရင် ဒီထက်ပိုပြီး ပြင်းထန်တဲ့ အရေးယူသွားမယ်လို့ပါ အစည်းအဝေးမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ နာမည်ပျက်စာရင်းထဲမှာ ရှိနေရာကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (‌NLD) အစိုးရ တက်လာချိန် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ စောင့်ကြည့်စာရင်းထဲ ပြောင်းခဲ့တာပါ။

ဒါပေမဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ ငွေကြေးခဝါချမှု၊ တရားမဝင် မူးယစ်ဆေးဝါးနဲ့ ကျားဖြန့်စခန်းတွေကြောင့် ၂၀၂၂ မှာ အမည်ပျက် (Blacklist) စာရင်းထဲ ပြန်ရောက်ခဲ့ရတာပါ။

စစ်အာဏာရှင် ဩဇာခံ ဗဟိုဘဏ်အနေနဲ့ ငွေပေးချေမှုစနစ်တွေမှာ အထောက်အထား (KYC) တောင်းခံတာတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်လာပေမဲ့ တကယ့်တကယ် နိုင်ငံတကာက စောင့်ကြည့်နေတဲ့ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ကိစ္စရပ်တွေနဲ့ တရားမဝင် ငွေကြေးစီးဆင်းမှု အကြီးစားတွေကိုတော့ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်း မရှိသေးပါဘူး။

ISP-Myanmar ပြင်ပဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက “တကယ့်တကယ် ပြဿနာကကျတော့ သိတဲ့အတိုင်းပဲ ကျနော်တို့ဆီမှာ ကျားဖြန့်ပေါ့နော်၊ အွန်လိုင်း ငွေလိမ်ပြဿနာတွေကလည်း ရှိတယ်။ နောက်တခါကျတော့ သူတို့ဆီကနေပြီးတော့ စီးဝင်နေတဲ့ ငွေတွေ၊ သူတို့ဆီကနေ လွှဲနေတဲ့ငွေတွေလည်း ရှိနိုင်တာပေါ့။ ဆိုတော့ အဲဒါကြီးကို ကိုင်တွယ်ဖို့ကကျတော့ ခက်ခဲတယ်ဗျ။ ခက်ခဲတော့ ဖြစ်နိုင်တာကဗျာ ဒီလိုပေါ့၊ ကျနော်တို့ ဟို ငါးသေးသေးလေးတွေ မကြော်ဘဲနဲ့ ငါးကြီးကြီးကြော်ခိုင်းချင်တဲ့ ကိစ္စမျိုးပေါ့၊ ဆိုလိုတာက ဒီ သေးသေးဖွဲဖွဲ ဖမ်းဆီးနေတဲ့ အခု ကျနော်တို့ KPay နဲ့ ငွေလွှဲလို့၊ ဒါမျိုးတွေ မဟုတ်ဘူးပေါ့နော်။ ဆိုတော့ အကောင်ကြီးကြီးတွေ ဖမ်းမိဖို့ ဆိုတာမျိုးလည်း ဒီ FATF ဘက်က မျှော်လင့်ပုံရပါတယ်ဗျ” လို့ ပြောပါတယ်။

လက်ရှိအခြေအနေကတော့ FATF အဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံနဲ့ ငွေကြေးလွှဲပြောင်းမှုတွေ၊ စီးပွားရေးဆက်ဆံမှုတွေ လုပ်တဲ့အခါ အထူးတင်းကျပ်ထားတဲ့ စိစစ်မှု (Enhanced Due Diligence - EDD) တွေ လုပ်ရမယ်ဆိုတဲ့ ကန့်သက်ချက် သတ်မှတ်ထားတဲ့ အခြေအနေ ဖြစ်ပါတယ်။

၂၀၂၇ ဖေဖော်ဝါရီလအထိ တိုးတက်မှုမရှိဘူး ဆိုရင်တော့ ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ (Countermeasures) လုပ်ဆောင်သွားမယ်လို့ သတိပေးထားတာပါ။

၂၀၂၇ ခုနှစ်မှာ ပြင်းထန်တဲ့အရေးယူမှု (Countermeasures) တွေ ထပ်မံချမှတ်လာခဲ့ရင် မြန်မာနိုင်ငံသားတွေ အနေနဲ့ နိုင်ငံတကာ ဘဏ်လုပ်ငန်းတွေ၊ ငွေလွှဲပြောင်းမှုတွေမှာ အခုထက်ပိုပြီး ကြန့်ကြာခက်ခဲလာနိုင်ပါတယ်။

လက်ရှိ အမည်ပျက်စာရင်းဝင်နေတဲ့ အခြေအနေမှာတောင် စစ်အုပ်စုနဲ့ ခရိုနီတွေက ကုမ္ပဏီအမည် အမျိုးမျိုးခံပြီး လက်နက်တင်သွင်းတာတွေ၊ နိုင်ငံတကာ ငွေကြေးလွှဲပြောင်းတာတွေကို လှည့်ပတ် လုပ်ဆောင်နေနိုင်ပေမဲ့ တကယ့်မြေပြင်မှာတော့ သာမန်ပြည်သူတွေသာ အခက်အခဲဆုံး ကြုံတွေ့နေရတယ်လို့ စီးပွားရေးနဲ့ ဘဏ်လုပ်ငန်း လေ့လာစောင့်ကြည့်သူတယောက်က သုံးသပ်ပါတယ်။

စီးပွားရေးနှင့် ဘဏ်လုပ်ငန်း လေ့လာစောင့်ကြည့်သူတယောက်က “သူတို့ (စစ်အုပ်စုက) Digital Transformation လုပ်လည်း မြန်မာတွေက နဂိုတည်းကမှ အရမ်းကြီး အားသန်တာ မဟုတ်ဘူး။ နောက်ပြီးတော့ Banking system ကိုလည်း ယုံကြည်မှု သိပ်မရှိတာလည်း ပါတာပေါ့နော်။ အခုဆိုရင်လည်း အလိမ်ညာလည်း အမျိုးမျိုး ခံနေရတာဆိုတော့ ပြည်သူတွေက ဒီပေါ်မှာ ယုံကြည်မှုအားနည်းတာ ဖြစ်တဲ့အတွက် Digitalization ကို သွားဖို့က အရမ်းကြီး မဖြစ်နေသေးဘူး။ ပြည်သူတွေက ယုံကြည်ကင်းမဲ့နေတာ ဖြစ်တဲ့အတွက် သူတို့ပြောထားတဲ့ ၂၀၂၇ မှာ Countermeasures လုပ်လည်း သာမန် အခြေအနေမျိုးမှာတော့ အောင်မြင်နိုင်စရာ အကြောင်းမရှိဘူး။ ဘာကြောင့်လဲဆိုရင် လက်နက်ကုန်သွယ်တာ၊ မူးယစ်ဆေး၊ တောက်လျှောက်လည်း လက်နက်တွေ သုံးနေတာလေ၊ သုံးမကုန်တဲ့ လက်နက်တွေက ဘယ်ကရတာလဲ import လုပ်နေတာလေ၊ ဒီ payment တွေက ဘယ်ကသွားနေတာလဲ ဆိုတာတွေ ရှိတယ်ဆိုတော့ Countermeasures လုပ်ရင်လည်း ပုံမှန်အခြေအနေမျိုးမှာဆိုရင် အောင်မြင်နိုင်စရာ မရှိဘူး။ ဒီလို Blacklist သွင်းတာက သူတို့အတွက်က (စစ်အုပ်စုက) ဘာမှ မပြောပလောက်ဘူး၊ သူတို့က လှည့်ပတ်သွားနေမှာပဲ။ နောက်ပြီးတော့ မြင်ရသလောက် ဆိုလို့ရှိရင်လည်း တချို့ Payment တွေ အားလုံးက Freeze လုပ်ခံထားရတယ်။ ဒေါ်လာ တော်တော်များများကို Freeze လုပ်ခံထားရတာကွာ။ အခုဆိုရင် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတယ်။ ပြည်သူတွေပဲ ခံစားရတာပဲ။ သူတို့အပေါ် ဘယ်လိုပဲ အရေးယူ ပိတ်ဆို့ ပိတ်ဆို့ သူတို့အတွက်က ဘာမှ မဖြစ်သွားဘူး။ သူတို့ဘက်က အပြုံးတောင် မပျက်ဘူး” လို့ ပြောပါတယ်။

စစ်အုပ်စု ဗဟိုဘဏ်နဲ့ သက်ဆိုင်ရာ ဌာနတွေဘက်ကတော့ အမည်ပျက်စာရင်းက လွတ်မြောက်ဖို့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပေမဲ့ မြေပြင်မှာ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ တရားမဝင် ငွေကြေးစီးဆင်းမှုတွေကို အမြစ်ပြတ် မနှိမ်နင်းနိုင်သမျှ ကာလပတ်လုံး ဒီအကျပ်အတည်းကနေ လွတ်မြောက်ဖို့ မလွယ်ကူသေးဘူးလို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ဒါ့အပြင် လာမဲ့ ၂၀၂၇ ခုနှစ် FATF ရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်-မြန်မာ ဆက်ဆံရေးအပေါ်မှာလည်း မူတည်နေတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ပြင်သစ်အခြေစိုက် နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (FATF) ကို ၁၉၈၉ ခုနှစ်က ပါရီမြို့မှာ ကျင်းပတဲ့ G-7 စက်မှုထိပ်သီး ၇ နိုင်ငံ အစည်းအဝေးမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကမ္ဘာတဝန်း ငွေကြေးခဝါချမှုတွေကို သတိထား စောင့်ကြည့်ခဲ့တာပါ။

၂၀၀၁ ခုနှစ် အောက်တိုဘာကစလို့ FATF ကို တိုးချဲ့ဖွဲ့စည်းခဲ့ပြီး အကြမ်းဖက်အဖွဲ့တွေအပေါ် ငွေကြေးထောက်ပံ့မှုကိုပါ စောင့်ကြည့်အရေးယူနေတာလည်း  ဖြစ်ပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013