
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နဲ့ ကျောက်တော်မြို့နယ်တို့မှာ ဆရာဝန်ဟန်ဆောင်ပြီး ဆေးကုသနေတဲ့ အမျိုးသား ၂ ယောက်ကို အာရက္ခတပ်တော် (AA) ရဲ့ ရဲတပ်ဖွဲ့ဖြစ်တဲ့ DLEPS နဲ့ မြို့နယ်ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီး စစ်ဆေးအရေးယူခဲ့တယ်လို့ DLEPS တပ်ဖွဲ့က ဧပြီ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ပေါက်တောမြို့နယ် ဘဝမ်းရပ်ကွက်မှာ “ငြိမ်” နာမည်နဲ့ ဆေးခန်းဖွင့်ပြီး ဆေးကုသနေတဲ့ ဦးမောင်သန်းဦးနဲ့ ကျောက်တော်မြို့နယ်၊ သာစည်ကျေးရွာမှာ “ရွှေနဒီ” နာမည်နဲ့ ဆေးကုသမှု ပြုလုပ်နေတဲ့ ဦးမြတ်မင်းသူတို့ ၂ ယောက်ဟာ ဆရာဝန်မဟုတ်ဘဲ ပြည်သူတွေကို လိမ်လည်လှည့်ဖြားပြီး ဆေးကုသနေတာကြောင့် တိုင်ကြားချက်တွေအရ DLEPS ဌာနနဲ့ ကျန်းမာရေးဌာနက စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
စစ်ဆေးပြီးနောက် သူတို့ ၂ ယောက်ဟာ ဆရာဝန်မဟုတ်ဘဲ ဟန်ဆောင် ဆေးကုသနေသူတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ ဆေးခန်းတွေကို ပိတ်သိမ်းစေခဲ့သလို နောက်နောင် အခုလိုလုပ်ရပ်မျိုးတွေ ထပ်မံမကျူးလွန်ဖို့ကိုလည်း ကတိဝန်ခံချက်တွေကို လက်မှတ်ရေးထိုးစေခဲ့တယ်လို့ သိရပါတယ်။
နောက်နောင် ကတိကဝတ်ကို ဖောက်ဖျက်ပြီး တရားမဝင် ဆေးကုသမှုတွေ ဆက်လက် လုပ်ကိုင်ပါက တည်ဆဲဥပဒေများနဲ့အညီ ထိရောက်ပြတ်သားစွာ အရေးယူသွားမယ်လို့လည်း DLEPS ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရခိုင်ပြည်မှာ ဆေးဝါးကုသခွင့် လက်မှတ်မရှိသူတွေနဲ့ ဆေးဝါးရောင်းချခွင့် လက်မှတ်မရှိသူတွေကို ဆေးကုသခွင့်နဲ့ ဆေးရောင်းချခွင့်ကို အာရက္ခတပ်တော်ဘက်က ပိတ်ပင်နေတာလည်း ဖြစ်ပါတယ်။
အာရက္ခတပ်တော်ဘက်က ဆေးဝါးကုသခွင့်လိုင်စင် မရှိသူတွေနဲ့ ဆေးဝါးကျွမ်းကျင်လက်မှတ် မရှိသူတွေကို ရောင်းချခွင့် ပိတ်ပင်ထားတာ မှန်ကန်ပေမဲ့လည်း မြေပြင်မှာ ကျန်းမာရေးဝန်ထမ်း မလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ မြောက်ဦးမြို့ခံ အသက် ၃၅ နှစ်အရွယ် အမျိုးသားတယောက်က ပြောပါတယ်။
“ရခိုင်မှာ ၂၀၂၅ ခုနှစ်ကတည်းက ဆေးကုသခွင့် လိုင်စင်မရှိတဲ့ ဆေးသမားတွေပေါ့၊ ဒေသအခေါ် ရမ်းကုတွေကို ဆေးကုသခွင့် ပိတ်ပင်ထားတာရှိတယ်။ ဆေးဆိုင်တွေမှာလည်း ဆေးဝါးကျွမ်းကျင်လက်မှတ်တွေရှိမှ ဆေးရောင်းချခွင့် ပြုထားတယ်လို့ သိရတယ်။ အဲဒီ ကန့်သတ်မှုတွေ ပြုလုပ်လိုက်တာက ကောင်းပါတယ်။ ဆေးဝါးဆိုတာက လူ့အသက်ကို ကယ်တင်နိုင်သလို အသုံးမချတတ်ရင် အသက်ကိုလည်း သေဆုံးနိုင်တယ်။ အဲဒါကြောင့် စနစ်တကျ လုပ်ဆောင်လာတာတွေကို ကြိုဆိုတယ်။ ဒါပေမဲ့လည်း မြေပြင်မှာက ကျန်းမာရေးဝန်ထမ်းတွေက မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်။ ကျေးလက်တွေဆိုရင် ရွာတရွာမှာတောင် သူနာပြုတယောက် မရှိတဲ့ရွာတွေ အများကြီးပဲ။ ဒီဟာတွေကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်တယ်။”
အာရက္ခပြည်သူ့ကျန်းမာရေးဌာန (AHD) အနေနဲ့လည်း ရခိုင်ပြည်သူတွေ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေးအတွက် ဆက်လက်ကြပ်မတ်မှုတွေ ဆောင်ရွက်သွားမယ်လို့လည်း ပြောထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်သူတွေ ကျန်းမာရေးလွှမ်းခြုံမှု ရှိစေရေး၊ ကျန်းမာရေးဝန်ဆောင်မှုတွေကို အလွယ်တကူ လက်လှမ်းမီစေရေး၊ ကျန်းမာရေးဝန်ထမ်းတွေ စနစ်တကျ လေ့ကျင့်ပျိုးထောင်တာ၊ ဆေးရုံဆေးခန်းတွေမှာ လိုအပ်တဲ့ စက်ပစ္စည်းကိရိယာတွေကို ဖြည့်တင်းမှုတွေကိုလည်း ကြိုးစားပြီး လုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးကိစ္စတွေအတွက် တရားဝင် ခွင့်ပြုချက်ရှိတဲ့ ဆရာဝန်တွေ ဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေမှာသာ ယုံကြည်စိတ်ချစွာ ဆေးကုသကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ပညာရေးတွေကို လည်ပတ်နေကြတာလည်း ဖြစ်ပါတယ်။










