
မန္တလေးတိုင်း စစ်ဆင်ရေးနယ်မြေမှာ ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လ ပထမပတ် တိုက်ပွဲတွေအတွင်း စစ်အာဏာရှင်တပ်ဘက်က ဗိုလ်မှူးချုပ် ၂ ယောက် ဒဏ်ရာအပြင်းအထန်ရပြီး တပ်ရင်းမှူး ၁ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စစ်ရုံးချုပ်က ဇွန် ၁၄ ရက် သတင်းထုတ်ပြန်ပါတယ်။
ဒီကာလအတွင်း မန္တလေးတိုင်းစစ်ဌာန စစ်ဆင်ရေးနယ်မြေအမှာ ပြောက်ကျားတိုက်ပွဲပေါင်း ၁၃ ကြိမ် ဖြစ်ခဲ့ပြီး စစ်တပ်ယာဉ်တန်းကို PDF တပ်ဖွဲ့ဝင်တွေက ခြုံခိုတိုက်ခိုက်တာကြောင့် အမှတ် ၁၃ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်နိုင်ဦးနဲ့ အမှတ် ၄ လေကြောင်းချီ တပ်မဟာမှူး ဗိုလ်မှူးချုပ် သူရဝဏ္ဏလွင်တို့ အသီးသီး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တာလို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဗိုလ်မှူးချုပ် သူရဝဏ္ဏလွင်ရဲ့ နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ ဒု တပ်မဟာမှူးပါ ထပ်မံ ခြုံခိုတိုက်ခိုက်ခံရလို့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သလို၊ ထီးချိုင့်စစ်ဆင်ရေးကို ဦးဆောင် နေတဲ့ ခလရ ၄ တပ်ရင်းမှူး ဗိုလ်မှူးနေအောင်ထွန်းကတော့ မန္တလေးတိုင်းအတွင်း တနေရာမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ထုတ်ပြန်ချက်အရ မြင်းခြံခရိုင် တိုက်ပွဲတွေမှာလည်း စစ်တပ်ဘက်က ၁၀ ယောက် သေဆုံးသလို မန္တလေးတိုင်းအတွင်း ပြောက်ကျားတိုက်ပွဲ ၁၃ ကြိမ်နဲ့ ခြုံခိုတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ရာ စစ်အာဏာရှင်ဘက်က ၁၈ ယောက် သေဆုံးခဲ့ပြီး၊ လက်နက်ခဲယမ်းတင်ဆောင်လာတဲ့ မော်တော် ယာဉ် ၂ စင်း မီးလောင်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။










