
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရေနံသာ စစ်ဆေးရေးဂိတ်အနီးမှာ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၁၄ ယောက်ကို စစ်အာဏာရှင်တပ်နဲ့ ရဲတွေက ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မနေ့ ဇွန် ၂၃ ရက် ညက ဧရာဝတီတိုင်းထဲကို ခြေလျင်ဝင်ရောက်လာတဲ့ မိန်းကလေးတွေ အပါအဝင် ရိုဟင်ဂျာ ၁၄ ယောက်ကို စစ်အာဏာရှင်တပ်နဲ့ ရဲတွေက ရေနံသာ စစ်ဆေးရေးဂိတ်အနီးမှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းခဲ့တာ။ ရေနံသာဂိတ်အနီးမှာ ဖမ်းမိတာ။ ရိုဟင်ဂျာတွေက ခြေလျင်လာကြတာပေါ့။ ရခိုင်ပြည်နယ်ကနေ လာတာလို့ ပြောပါတယ်။ ဘယ်မှာ ဖမ်းဆီးစစ်ဆေးနေလဲတော့ မသိသေးဘူး” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၁၄ ယောက်ထဲမှာ အမျိုးသား ၈ ယောက်၊ အမျိုးသမီး ၆ ယောက်ဖြစ်ပြီး ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်က လာသူတွေလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လကလည်း ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ကြံ့ခင်းမြို့နယ်မှာ ရိုဟင်ဂျာ ၈ ယောက်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့သေးတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။










