
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ လူတော်ကြီးကျေးရွာမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်ကို ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမ္မပြုကျင့်ခံရတဲ့ မိန်းကလေးငယ်ဟာ အသက် ၁၂ နှစ်ကျော်အရွယ် ကျောင်းသူဖြစ်ပြီး အဓမ္မပြုကျင့်သူမှာ တရွာတည်းနေ ဦးလေးဝမ်းကွဲ တော်စပ်တဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ကိုလင်းနိုင်ဦး ဖြစ်ပြီး အခုနှစ် ဇန်နဝါရီလက စတင်ကာ နေအိမ်မှာ လူမရှိတဲ့ အချိန်တွေမှာ ခြိမ်းခြောက် အဓမ္မပြုကျင့်ခဲ့တာလို့ သိရပါတယ်။
ဧပြီ ၂၆ ရက်က မိန်းကလေးငယ်ရဲ့ မိခင်ဖြစ်သူက သူ့ရဲ့သမီး ဓမ္မတာမလာတဲ့အတွက် စစ်ဆေးရာက ကိုယ်ဝန်ရှိနေတာကို စတင်သိရှိပြီး မေးမြန်းရာမှာ ဦးလေးဝမ်းကွဲတော်စပ်တဲ့ ကိုလင်းနိုင်ဦးက အဓမ္မပြုကျင့်မှု ခံရတာကို မိန်းကလေးငယ်က ဖွင့်ပြောလို့ သိရတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဇန်နဝါရီလက စတင်ကျူးလွန်တာလို့ သိရပါတယ်။ အိမ်ကိုပြန်ပြောရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတာလို့ သိရပါတယ်။ မိန်းကလေးငယ်မှာ ကိုယ်ဝန်ရှိနေတယ်” လို့ ပြောပါတယ်။
မိန်းကလေးငယ်ဟာ အနည်းဆုံး ၆ ကြိမ်ထက်မနည်း အဓမ္မပြုကျင့် ခံရပြီး ကျူးလွန်သူကို မိန်းကလေးငယ်ရဲ့မိခင်က မြောင်းမြမြို့နယ်၊ မြောင်းမြမြို့မ ရဲစခန်းမှာ အမှုဖွင့်ကာ ကျူးလွန်သူကို အရပ်သားတွေရဲ့ အကူအညီနဲ့ ဖမ်းဆီးထားပြီလို့ သိရပါတယ်။










