ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတာက အီဘိုဘာ ရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေး ကြိုးပမ်းချက်တွေကို အဟန့်အတား ဖြစ်စေတယ်လို့ ကုလသမဂ္ဂက ဇွန် ၁၆ ရက်မှာ ပြောပါတယ်။
နိုင်ငံတွင် ပြည်နယ် ၃ ခုမှာ ကူးစက်ခံ အတည်ပြုလူနာ ၈၀၈ ယောက်အထိ ရောက်သွားခဲ့တာပါ။
ကျန်းမာရေးအာဏာပိုင်တွေက ဇွန် ၁၄ ရက်အထိ အစ်တူရီ၊ မြောက်ကီဗူးနဲ့ တောင်ကီဗူး ပြည်နယ်တွေမှာ အတည်ပြု လူနာအသစ် ၂၁ ယောက်ရှိတာကို သတင်းပို့ခဲ့တယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖ်နီ ဒူဂျာရစ်က ပြောပါတယ်။
လူတွေက ရောဂါဖြစ်တဲ့နေရာတွေဆီ သွားချည်ပြန်ချည် ပြောင်းရွှေ့နေထိုင်ကြလို့ ဆက်ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ နေရပ်စွန့်ခွာမှုတွေက ကူးစက်နိုင်ခြေကို တိုးမြင့်စေတယ်လို့ သူက သတိပေးခဲ့ပါတယ်။
မြောက်ကီဗူးပြည်နယ် ဝါလီကာလေနဲ့ မာစီစီနယ်မြေတွေမှာ သီတင်းပတ်ကုန်ရက်က ပဋိပက္ခတွေကြောင့် မိသားစု ရာပေါင်းများစွာ ထွက်ပြေးခဲ့ရတာပါ။
ဇွန် ၁၃ ရက်မှာ မန်ဒါနဲ့ ဘူဟင်ဘာ ဒေသတွေမှာ အရပ်သား ၃ ယောက်ထက်မနည်း သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေကို ကိုးကားပြီး ဒူဂျာရစ်က ပြောပါတယ်။
တောင်ကီဗူးပြည်နယ်မှာလည်း ရန်လိုတာတွေ ဆက်ဖြစ်နေပြီး လေကြောင်းတိုက်ခိုက်တာတွေ၊ ဗုံးကြဲတိုက်ခိုက်တာတွေ၊ သေနတ်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး လူနေထူထပ်တဲ့ နေရာတွေမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ချဉ်းကပ်မှုတွေကို ပိုနှောင့်ယှက်ခံနေရသလို အကူအညီမဲ့နေသူတွေ အများကြီးရှိနေတယ်လို့ ဒူဂျာရစ်က ပြောပါတယ်။
Source: Reuters










