DVB Logo
Home
မြန်မာသတင်း
ရခိုင်စစ်ဘေးရှောင်များ ကျန်းမာရေးစောင့်ရှောက်မှု မတတ်နိုင်ဘဲ သေဆုံးမှုများလာ
ကေခိုင်
·
November 4, 2026
ရခိုင်စစ်ဘေးရှောင်အချို့။ (Photo: မဟာကရုဏာတော်ဖောင်ဒေးရှင်း)
ရခိုင်စစ်ဘေးရှောင်အချို့။ (Photo: မဟာကရုဏာတော်ဖောင်ဒေးရှင်း)
Donate to DVB

ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့နယ် အပါအဝင် အာရက္ခတပ်တော် (AA)  ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် တောင်ပိုင်းက မြို့နယ်တွေမှာ စစ်ဘေးရှောင်ပြည်သူတွေဟာ ငွေကြေးအခက်အခဲတွေကြောင့် ဆေးမကုနိုင်ဘဲ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းလာနေပြီး အသက်ဆုံးရှုံးမှုတွေအထိ ရှိလာနေတယ်လို့ စစ်ဘေးရှောင်တွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။

အထူးသဖြင့် ရခိုင်ဒေသကို စစ်အာဏာရှင်တပ်က ဆေးဝါးသယ်ယူခွင့် ကန့်သတ်ထားတဲ့အတွက် ဆေးဝါးပြတ်လပ်တာနဲ့ ဈေးအဆမတန် မြင့်တက်လာတာ၊ ဆေးရုံ၊ ဆေးခန်းတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်လာတာ၊ ကျွမ်းကျင်ဝန်ထမ်း ရှားပါးလာတာတွေက ကျန်းမာရေးကဏ္ဍကို အဆိုးဝါးဆုံး ဖြစ်စေပါတယ်။

အထူးသဖြင့် ရခိုင်ဒေသရှိ ကျေးရွာတွေမှာ ကျေးလက်ဆေးပေးခန်း မရှိတာ၊ လူနာတွေ ဆေးရုံ ဆေးခန်းကို အချိန်မီ မရောက်ရှိတာ၊ ငွေကြေးမတတ်နိုင်တာတွေကြောင့် ဆေးမကုနိုင်တာတွေကြောင့် အသက်သေဆုံးတဲ့သူတွေပါ ရှိနေတာပါ။

တရက်ကို မှိုဟင်းရောင်းပြီး ကျပ် ၂,၀၀၀ ဝန်းကျင်သာ ဝင်ငွေရှိတဲ့ စစ်ဘေးရှောင်တွေအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ဆိုတာ အလှမ်းဝေးကွာနေပြီး ဆေးမြီးတိုတွေနဲ့ပဲ ဖြစ်သလို ကုသနေကြရတယ်လို့ ဆိုပါတယ်။

ဇင်ချောင်းလူငယ်ပရဟိတအသင်းဥက္ကဋ္ဌ ကိုနိုင်လင်းထွန်းက “အဓိက အဖြစ်များတာကတော့ အမျိုးသမီးတွေ ပိုများတယ်။ အမျိုးသမီးတွေ တော်တော်များများ အာဟာရ ချို့တဲ့မှုတွေရယ်၊ နောက် တခြား မသန့်ရှင်းတဲ့ အဝတ်တွေနဲ့ ရေရှည်နေရတဲ့အခါ အရေပြားဖြစ်တဲ့ပုံစံမျိုးတွေ၊ တချို့ဆိုရင် လုံးဝ ငွေမရှိလို့ ကမ့်ပ်ထဲမှာ နေတယ်။ နေပြီးတော့ ကျန်းမာရေး အဆမတန် ချူချာလာတဲ့အခါ ဆေးရုံဆေးခန်း မသွားတာတို့၊ ကျန်းမာရေးစောင့်ရှောက်တဲ့နေရာကို ရောက်လာရင်လည်း ရောဂါက ရင့်သွားပြီ၊ အဲလို ဆုံးတဲ့ လူနာတွေလည်း တော်တော်များများရှိတယ်။ ပြီးရင် အဓိကက စိတ်ကျတဲ့ပုံစံမျိုးနဲ့ ဆုံးသွားတဲ့သူတွေလည်း ရှိတယ်။ နောက်တခုကတော့ နာတာရှည် ပုံစံမျိုးတွေပေါ့။ ဥပမာ ကင်ဆာတို့ပေါ့နော်၊ ဒီဘက်မှာဆိုရင် အခက်အခဲတွေကြောင့် အဲ့လိုဆေးဝါးတွေက ပြတ်လပ်သွားတယ်။ တကယ်ကို အဆင့်မြင့်မြင့်ကုရမဲ့ ရောဂါတွေ ဆိုရင်တော့ မရနိုင်တဲ့ အတိုင်းအတာမျိုးတွေမှာ ဆုံးသွားတာတွေ ရှိတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်တောင်ပိုင်းမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် တနေရာကနေ တနေရာ သွားမယ်ဆိုရင် ကားခဈေးနှုန်းတွေဟာ ကျပ် တသိန်းခွဲကနေ ၂ သိန်းကြားအထိ မြင့်တက်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း လမ်းခရီးစရိတ်နဲ့ ဆေးကုသဖို့ ငွေကြေးမတတ်နိုင်တဲ့အတွက် ၉ လအရွယ် စစ်ဘေးရှောင်ကလေးတယောက် သေဆုံးခဲ့ရတယ်လို့ ရမ္မာမြေ စစ်ဘေးကူညီရေးအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“အဲ့ကလေးလေးဆို အောက်ဆီဂျင်တွေကျ၊ အဆုတ်တွေမကောင်း၊ အဓိကတော့ ရိုးရိုးဖျားတာပါပဲ။ စစ်ဘေးရှောင်စခန်းမှာ တလလောက် ကြာသွားတယ်။ ပြီးရင် ဆေးကုသဖို့ နေရာကို မရောက်နိုင်ဘူး။ ငွေကြေးက မတတ်နိုင်၊ ရောက်လာတဲ့အခါမှာ အချိန်လွန်သွားတာပေါ့နော်။ အဲဒီမှာ ကလေးလေးက အသက်ဆုံးရှုံးမှုတွေ ဖြစ်တယ်ဗျ။ ဒီလိုကိစ္စမျိုးတွေကို အစ်ကိုတို့လည်း ဒီတာဝန်ရှိတဲ့သူတွေနဲ့ ပူးပေါင်းပြီးတော့ ဖြေရှင်းနေတယ်ဗျ။ ဆေးမကုသနိုင်ရင်လည်း အစ်ကိုတို့ ဆေးရုံဆေးခန်းတွေကို လိုက်ပို့ပေးမယ်။ ကုသပေးမယ်ပေါ့လေ၊ အဲ့လို စခန်းတွေကိုတော့ ပြောထားတယ်။ ဒါပေမဲ့ စခန်းတွေက များတော့လေ လက်လှမ်းမမီတဲ့အရာတွေ ကြားထဲမှာ ဖြစ်သွားတော့ အသက်ဆုံးရှုံးမှုတွေ ဖြစ်တာပေါ့။”

အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနကလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်နေပေမဲ့ လက်ရှိ ရခိုင်ဒေသမှာ ကျွမ်းကျင်ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း အင်အားနည်းနေတာ၊ စက်ပစ္စည်း လိုအပ်ချက်တွေနဲ့ ဆေးဝါးပြတ်လပ်မှုတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှုမှာ အလွန်အမင်း အားနည်းနေဆဲလို့ စစ်ဘေးရှောင်အ‌ရေး ကူညီပေးနေသူတွေက ပြောပါတယ်။

တဖက်မှာလည်း နိုင်ငံတကာအကူအညီတွေ ဝင်ရောက်မှု အားနည်းနေတဲ့ ရခိုင်ပြည်နယ် တောင်ပိုင်းက ဒေသတွေမှာ စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍဟာ အကြီးမားဆုံး စိန်ခေါ်မှုတခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

 ကေခိုင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013