
အမေရိကန်စစ်တပ်က အခုနှစ်အစောပိုင်းတုန်းက အီရန်နိုင်ငံအတွင်းပိုင်းအထိ အန္တရာယ်အလွန်များတဲ့ စစ်ဆင်ရေးနဲ့ အထူးတပ်ဖွဲ့တွေက လေသူရဲတယောက်ကို ကယ်ထုတ်ခဲ့တဲ့ ဗွီဒီယိုဖိုင်ကို စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဗွီဒီယိုရဲ့ အချိန်နဲ့ နေရာကိုတော့ Reuters သတင်းဌာနအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ အမေရိကန် လက်နက်ကျွမ်းကျင်သူတယောက် အီရန်မှာ ပိတ်မိနေခဲ့တာကို အမေရိကန်စစ်တပ်က ဧပြီ ၅ ရက်နေ့မှာ လုံခြုံရာဆီ ဘေးကင်းကင်းနဲ့ ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတယောက်က ရိုက်တာကို အရင်က ပြောကြားထားဖူးပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကလည်း ဧပြီ ၅ ရက်နေ့မှာပဲ စစ်သည်တော်တယောက် ကယ်တင်ခံခဲ့ရကြောင်း လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့ပါတယ်။
တောင်တန်းဒေသမှာ လုပ်ဆောင်ခဲ့တဲ့ ဒီစစ်ဆင်ရေးကို အမေရိကန်သမိုင်းမှာ “အင်မတန် ရဲရင့်တဲ့” မစ်ရှင်တွေထဲက တခုအဖြစ် ထရမ့်ပ် က ဧပြီလတုန်းက ကြေညာခဲ့ပါတယ်။
ပစ်ချခံလိုက်ရတဲ့ F-15 တိုက်လေယာဉ်ရဲ့ လက်နက်အရာရှိဖြစ်တဲ့ အဲဒီလေသူရဲဟာ ဒဏ်ရာရရှိခဲ့ပေမဲ့ “ပြန်လည်သက်သာလာတော့မှာပါ” လို့ ထရမ့်ပ်က ဧပြီလတုန်းက ပြောကြားခဲ့ပါတယ်။
Source: Reuters











