
ချက်သမ္မတနိုင်ငံက ပြည်သူပိုင်ရုပ်မြင်သံကြားနဲ့ ရေဒီယိုဌာနဝန်ထမ်းတွေက နိုဝင်ဘာ ၃ ရက်မှာ ၁ ရက်တာ သပိတ်မှောက်ခဲ့ကြပါတယ်။
အစိုးရက ဘဏ္ဍာငွေထောက်ပံ့မှု လျှော့ချဖို့နဲ့ ရန်ပုံငွေတွေကို နိုင်ငံတော် ဘတ်ဂျက်ထဲကို ပြောင်းရွှေ့ဖို့ စီစဉ်မှုကို ဆန့်ကျင်ဆန္ဒပြတာဖြစ်ပြီး ဒီလုပ်ရပ်က မီဒီယာဌာနတွေရဲ့ လွတ်လပ်မှုနဲ့ ရပ်တည်နိုင်စွမ်းကို ထိခိုက်အောင် ကြိုးပမ်းမှုတခု ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဒီသပိတ်ကြောင့် ရုပ်သံထုတ်လွှင့်မှုတွေ ကန့်သတ်ခံခဲ့ရပါတယ်။ မနေ့ မွန်းလွဲပိုင်းမှာ အနုပညာရှင်တွေနဲ့ ကျောင်းသားတွေ ပါဝင်ထောက်ခံတဲ့ လူထုဆန္ဒပြပွဲတွေ လုပ်ဖို့ကိုလည်း စီစဉ်ထားပါတယ်။
ဒီသပိတ်ဟာ မီဒီယာဌာနတွေရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ အငြင်း ပွားမှုကို ပိုပြင်းထန်လာစေပါတယ်။
Reuters Institute ရဲ့ ၂၀၂၅ ခုနှစ် စစ်တမ်းတခုအရ သပိတ်မှောက်တဲ့ မီဒီယာဌာနတွေဟာ နိုင်ငံအတွင်း လူကြည့်အများဆုံးနဲ့ ယုံကြည်မှုအရှိဆုံး သတင်းရင်းမြစ်တွေထဲမှာ ပါဝင်နေပါတယ်။
အစိုးရရဲ့ ဥပဒေကြမ်းဟာပြီးခဲ့တဲ့လက ကနဦး မဲခွဲဆုံးဖြတ်မှုကို ကျော်ဖြတ်နိုင်ခဲ့ပြီး အခုအခါ လွှတ်တော်မှာ အစိုးရမဟာမိတ်အဖွဲ့က သူတို့လုပ်မဲ့ ပြုပြင်ပြောင်းလဲမှုတွေရဲ့ တစိတ်တပိုင်းအဖြစ် လက်ရှိမှာ မီဒီယာလုပ်ငန်းတွေအတွက် ရန်ပုံငွေအဖြစ် သုံးနေတဲ့ အိမ်ထောင်စုတစုကို တလ ၂၀၅ ခရောင်း (အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၃ဒေါ်လာ) နှုန်းနဲ့ ကောက်ခံတဲ့ ရုပ်သံလွှင့်ဝန်ဆောင်ခကို ပယ်ဖျက်ချင်နေပါတယ်။
အတိုက်အခံပါတီတွေက ဒီအဆိုပြုချက်ကို ဟန်ဂေရီနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း ဗစ်တာ အော်ဘန် လက်ထက်က လုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ နှိုင်းယှဉ်ဝေဖန်ခဲ့ကြပါတယ်။
မီဒီယာလုပ်ငန်းတွေအတွက် ရန်ပုံငွေကို နိုင်ငံတော်ဘတ်ဂျက်ကနေ တိုက်ရိုက်ထောက်ပံ့တဲ့ပုံစံကို ပြောင်းလိုက်တာဟာ မီဒီယာတွေနဲ့ သူတို့အတွက် ငွေကြေးပေးသွင်းနေကြတဲ့ ပရိသတ်တွေကြား ဆက်နွှယ်မှုကို ပျက်ပြားစေမှာဖြစ်ပါတယ်။
ဒါ့အပြင် ရန်ပုံငွေခွဲဝေချထားရေး ဆုံးဖြတ်ချက်တွေဟာလည်း နိုင်ငံရေးအရ ဖိအားပေးခံရနိုင်တဲ့ အခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ ဝေဖန်သူတွေက ဆိုထားပါတယ်။
Source: Reuters











