
ဥရောပရဲ့ အဆင့်အမြင့်ဆုံး စစ်ဘက်သုံး ဒရုန်းထုတ်လုပ်သူတချို့က သူတို့ရဲ့ နောက်ဆုံးပေါ် တီထွင်ဖန်တီးမှုတွေကို စက်တင်ဘာ ၂၉ ရက်က ချက်သမ္မတနိုင်ငံမှာ ကျင်းပတဲ့ ပွဲတခုမှာ ပြသခဲ့ကြပါတယ်။
ထုတ်လုပ်သူတွေက လူမပါဘဲ မောင်းနှင်နိုင်တဲ့ လက်နက်စနစ်မျိုးစုံကို ပြသခဲ့ကြပြီး သူတို့ထဲမှာ ဝေးလံတဲ့ အကွာအဝေးအထိ ပျံသန်းနိုင်တဲ့ ပုံသေတောင်ပံတပ်ဆင်ထားတဲ့ ဒရုန်းတွေလည်း ပါပါတယ်။
တိုက်ခိုက်ရေး ဒရုန်းတွေကနေ အဆောက်အအုံတွေထဲမှာပါ လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှားနိုင်စွမ်းရှိတဲ့ (ပန်ကာလေးခုပါ ဒရုန်း) quadcopter တွေအထိ ပါဝင်ပြသခဲ့ပါတယ်။
မြူးနစ်ချ်မြို့အခြေစိုက် ဟယ်လ်ဆင်ကုမ္ပဏီက အီလက်ထရွန်နစ် စစ်ဆင်ရေးတွေနဲ့ အချက်ပြလှိုင်း နှောင့်ယှက်ဖျက်တောက်မှု (jamming) တွေ ကြားမှာတောင် ပစ်မှတ်တွေကို ရှာဖွေနိုင်စွမ်းရှိတဲ့ AI စနစ်သုံး တိုက်ခိုက်ရေးဒရုန်းတွေ ထုတ်လုပ်ရာမှာ အထူးကျွမ်းကျင်ပါတယ်။
ကုမ္ပဏီက သူတို့ရဲ့ ဒရုန်းအစင်းရေ ထောင်ပေါင်းများစွာကို ယူကရိန်းနိုင်ငံဆီ ပံ့ပိုးပေးထားပြီးပြီလို့ ဆိုပါတယ်။
“ဒီစနစ်ရဲ့ အားသာချက်က ဆော့ဖ်ဝဲနဲ့ AI နည်းပညာအပေါ် အခြေခံထားတာ” လို့ လေ့ကျင့်ရေးနဲ့ ကွင်းဆင်းစစ်ဆင်ရေးဆိုင်ရာ ဌာနအကြီးအကဲ ခယ်လမ် ကင်မရွန်က ပြောပါတယ်။
GPS စနစ်ကို သုံးစရာမလိုဘဲ ပစ်မှတ်ဆီ သွားလာနိုင်စွမ်း ရှိတာလည်း ပါဝင်ပြီး ဒါကို ‘neural positioning system’ လို့ ခေါ်ပါတယ်။
ဒါဟာ အခြေခံအားဖြင့် AI က မြေပုံကို ဖတ်ရှုနားလည်ပြီး ပစ်မှတ်ဆီ လမ်းကြောင်းရှာသွားနိုင်တဲ့ စနစ်မျိုး ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို အလုံးအရင်းနဲ့ ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့ချိန် ကစပြီး ဒရုန်းနည်းပညာကို သုံးတဲ့ စစ်ဆင်ရေးပုံစံတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ အလွန် မြန်မြန် ပါဝင်လာခဲ့ပါတယ်။
Source: Reuters










