
အီတလီနိုင်ငံမှာ လောင်စာဆီဈေးနဲ့ သယ်ယူပို့ဆောင်ခ ကြီးမြင့်တာကြောင့် ကုန်တင်ကားသမားတွေ သပိတ်မှောက်နေကြလို့ စစ္စလီကျွန်းနဲ့ တောင်ပိုင်းတခွင်မှာ ထောက်ပံ့ရေးကွင်းဆက်တွေ ပြတ်တောက်ကုန်ပြီး အောက်တိုဘာ ၂၀ ရက်က ပယ်လာမိုမြို့က စူပါမားကတ်တွေမှာ ပစ္စည်းတွေ ပြတ်လပ်ကာ စင်တွေနဲ့ သစ်သားသေတ္တာအလွတ်တွေပဲ ရှိနေပါတယ်။
ပြီးခဲ့တဲ့တပတ်ကစပြီး ကုန်ကားသမားတွေက လမ်းတွေ၊ အမြန်လမ်းတွေနဲ့ ဆိပ်ကမ်းတွေကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြတာကြောင့် တချို့ဆိုင်တွေမှာ လူသုံးကုန်ပစ္စည်းတွေ ပြတ်လပ်လာပြီး ဓာတ်ဆီဆိုင်တွေမှာလည်း ဓာတ်ဆီဝယ်ဖို့ တန်းစီစောင့်နေရသူတွေ ရှည်လျားနေပါတယ်။
ထရာပါနီ သယ်ယူပို့ဆောင်ရေးအသင်း ဥက္ကဋ္ဌ ဗင်ဆန်ဇို အာလက်စီယာ ကတော့ အခက်အခဲတွေ အများကြီး ရှိနေပေမဲ့ ဒါဟာ ပြည်သူတွေရဲ့ အကျိုးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေတာလို့ ရှင်းပြပါတယ်။
ကုန်တင်ကားသမားတွေ အတင်းအကျပ် ပေးဆောင်နေရတဲ့ ဒီဇယ်ဆီနဲ့ သင်္ဘောတင်ခ စရိတ်တွေဟာ နောက်ဆုံးမှာ စူပါမားကတ် စင်ပေါ်က ပစ္စည်းဈေးနှုန်းတွေဆီ ရောက်သွားတာဖြစ်ပြီး အခုအခါ သာမန်ပြည်သူတွေပါ ဈေးဝယ်ဖို့ မတတ်နိုင်တော့တဲ့ အခြေအနေဆိုး ရောက်နေရတာလို့လည်း ထောက်ပြသွားပါတယ်။
ပယ်လာမိုဒေသခံတွေကတော့ ကုန်တင်ကားသမားတွေရဲ့ ဆန္ဒပြမှုဟာ မှန်ကန်ကြောင်းနဲ့ အစိုးရအနေနဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မလုပ်ပေးရင် ဒီအတိုင်း ဆက်သွားလို့ မရနိုင်တော့ဘူးလို့ အသိပေး ပြောဆိုခဲ့ပါတယ်။
အစိုးရအနေနဲ့ လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
အစိုးရဘက်ကတော့ လမ်းပိုင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်တွေအတွက် ထောက်ပံ့ကြေးတွေ ပိုပေးမယ်လို့ ကတိပြုထားပါတယ်။
ကုန်တင်ကားသမားတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံအပြီးမှာတော့ အခြေခံ အဆောက်အအုံဆိုင်ရာ ဒုဝန်ကြီး အီဒွါဒို ရီစီက ယူရို သန်း ၁၅၀ ကျော် တန်ဖိုးရှိတဲ့ အထောက်အပံ့ အစီအစဉ်ကို မကြာခင် ထုတ်ပေးသွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီရဲ့ အစိုးရအဖွဲ့ဟာ မီလန်နဲ့ တခြားမြောက်ပိုင်းမြို့တွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဖြစ်ပျက်ခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးတင်းကျပ်ဖို့ ပြင်ဆင်နေပါတယ်။
အဲဒီဆန္ဒပြမှုတွေဟာ ငွေကြေးဖောင်းပွမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေနဲ့ ဥရောပနိုင်ငံတချို့က ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြမှုတွေကနေ စတင် ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











