
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်းအတွင်းမှာ ရိုဟင်ဂျာ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ ARSA၊ RSO၊ ARA အဖွဲ့က တပ်ဖွဲ့ဝင်တွေဟာ ဆူပူသောင်းကျန်းမှုတွေ ဖြစ်စေနိုင်ဖို့ လုပ်ဆောင် လာနေတာကြောင့် ညမထွက်ရ အမိန့်ကို မောင်တောခရိုင်အုပ်ချုပ်ရေးမှူး လက်မှတ်ရေးထိုးပြီး ဩဂုတ် ၁၁ ရက်က ထုတ်ပြန်ပါတယ်။
ARSA၊ RSO၊ ARA အဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခြေကုပ်ယူပြီး ရခိုင်ပြည်နယ်ထဲ ထိုးဖောက်ဝင်ရောက်ကာ ပြည်သူတွေကို သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာ၊ ချောင်းမြောင်းတိုက်ခိုက်တာ၊ လုယက်တာတွေကို ဆက်တိုက်လုပ်နေတာကြောင့် ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်စေဖို့ ရည်ရွယ်ပြီး ညမထွက်ရ အမိန့် ထုတ်တာလို့ ဖော်ပြပါတယ်။
ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ဟာ ဩဂုတ် ၉ ရက်က စတင် အသက်ဝင်တာဖြစ်ပြီး ရုပ်သိမ်းကြောင်း အမိန့်တစုံတရာမထုတ်မချင်း အတည်ဖြစ်တယ်လို့ ဆိုပါတယ်။
မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်အတွင်း နေထိုင်ကြတဲ့ ပြည်သူ့တွေအနေနဲ့ ညမထွက်ရ အမိန့်ထုတ်ပြန်ချက်ကို မဖြစ်မနေ လိုက်နာကြရမှာဖြစ်ပြီး မလိုက်နာသူတွေကို ထိုက်တန်တဲ့ အပြစ်ပေးအရေးယူမှုတွေ လုပ်သွားမယ်လို့ အမိန့်စာက ပြောထားပါတယ်။
မိဘပြည်သူတွေအနေနဲ့လည်း မဖြစ်မနေ သွားလာရမဲ့ကိစ္စတွေ ပေါ်ပေါက်လာပါက သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ခံတွေဆီကို ကြိုတင်အကြောင်းကြား ခွင့်ပြုချက်ရရှိပြီးမှသာ သွားလာကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ညမထွက်ရ အမိန့်က အခြေခံ လူတန်းစားတွေအတွက် ထိခိုက်မှုရှိနိုင်ပေမဲ့ ပြည်သူ့လုံခြုံရေးအတွက် ဦးစားပေးထုတ်ပြန်ချက်ဆိုရင်တော့ မဖြစ်မနေ လိုက်နာရမှာလို့ မောင်တောမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“မောင်တောခရိုင်တွင်း ညမထွက်ရ အမိန့်အသက်ဝင်နေတာ ၃ ရက်လောက်ရှိနေပြီ။ ညမထွက်ရ အမိန့်ထုတ်ပြန်တော့ အခြေခံ လူတန်းစားတွေအတွက် နည်းနည်းတော့ ထိခိုက်မှုရှိနိုင်တယ်။ အထူးသဖြင့် ငါးဖမ်းတဲ့ သူတွေက ဒီရေနဲ့ လိုက်ပြီး ညအချိန်တွေလည်း ငါးဖမ်းကြရတာလေ။ ဒါပေမဲ့ ပြည်သူ့လုံခြုံရေးကို ဦးစားပေးပြီး ထုတ်ပြန်ရတာဆိုတော့ မဖြစ်မနေတော့ လိုက်နာကြဖို့ လိုအပ်ပါတယ်။”
ARSA၊ RSO၊ ARA အဖွဲ့တွေဟာ နယ်စပ်ရှိ ကုန်သည်တွေ၊ ဒေသခံတွေနဲ့ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို မကြာခဏဆိုသလို ချုံခိုတိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။
ဇူလိုင် ၁၇ ရက်ကလည်း မောင်တောမြို့နယ် အောင်သပြေကျေးရွာသား ၅ ယောက်ကို ARSA အဖွဲ့က တိုက်ခိုက်ဖမ်းဆီးရာမှာ ၄ ယောက် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဒဏ်ရာရရှိသွားသူ တယောက်ကို ဖမ်းဆီးကာ ဘင်္ဂလားဒေ့ရှ်ငွေ ကာတာသိန်း ၅၀ နဲ့ ပြန်ပေးဆွဲခဲ့ပါတယ်။
ARSA၊ RSO၊ ARA အဖွဲ့တွေဟာ စစ်အာဏာရှင်တပ်နဲ့ မဟာမိတ်တွေဖြစ်ကြပြီး မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တို့ကို AA သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးကာ နယ်စပ်ဒေသမှာ အကြမ်းဖက်မှုတွေကို ဆက်တိုက်ပြုလုပ်နေကြပါတယ်။










