DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် ARSA သတ်ဖြတ်မှုကြောင့်သေဆုံးသွားသည့် ဟိန္ဒူမိသားစု‌ဝင်များအတွက် အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်
DVB
·
August 26, 2026
Photo: APM
Photo: APM
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က သတ်ဖြတ်ခဲ့လို့ သေဆုံးခဲ့ရတဲ့ ဟိန္ဒူမိသားစု‌ဝင်တွေအတွက် ၉ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မောင်တောမြို့နယ်မှာ ၂၀၁၇ ခုနှစ်အတွင်း ARSA အဖွဲ့ရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တဲ့ ဟိန္ဒူမိသားစုဝင်တွေအတွက် ၉ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို မနေ့ ဩဂုတ် ၂၅ ရက်မှာ မောင်တောခရိုင် ဟိန္ဒူလူမျိုးစုရေးရာကော်မတီက ဦးဆောင်ပြီး ပြုလုပ်ခဲ့တာလို့ မောင်တောဒေသခံ ဟိန္ဒူလူမျိုးတယောက်က ပြောပါတယ်။

“ဒီ လက်နက်ကိုင် ARSA‌ အဖွဲ့တွေက အရင်ကတည်းကနေ ရခိုင်ကလူတွေကို ဒုက္ခပေးနေတာ။ သူတို့အဖွဲ့ဝင်နဲ့ သူတို့မိသားစုကလွဲရင် ကျန်တဲ့ ရခိုင်မှာနေတဲ့လူတွေကို သတ်ဖြတ်နေတာ။ ပြီးတော့ ကျနော်တို့ ဟိန္ဒူတွေ အစုအပြုံလိုက် ရက်ရက်စက်စက် အသတ်ခံခဲ့ရတာက မေ့နိုင်စရာကိစ္စလည်း မဟုတ်ဘူး။ ဒါကြောင့် နှစ်စဉ်နှစ်တိုင်း ဒီလိုအခမ်းအနား လုပ်ဖြစ်တာပါ။”

အခမ်းအနားကို ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဟိန္ဒူလူမျိုးတွေ သတ်ဖြတ်ခံခဲ့ရတဲ့ ရဲဘောက်ကျာ ဟိန္ဒူရွာဟောင်းအနီး တောင်ကုန်းပေါ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးခဲ့သူတွေရဲ့ အမည်တွေကို ရေးထိုးထားတဲ့ အောက်မေ့ဖွယ်မှတ်တိုင်မှာ အခမ်းအနား ပြုလုပ်ခဲ့ပြီး ULA/AA တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့တယ်လို့ ULA/AA နဲ့ နီးစပ်သူ အမျိုးသားတယောက်က ပြောပါတယ်။

“ရခိုင်၊ မွတ်ဆလင်၊ ရခိုင်မျိုးနွယ်စု၊ ဟိန္ဒူတွေဟာ တမြေတည်းမှာ နေကြတာ။ ရခိုင်ပြည်တွင်းမှာ ဘယ်လူမျိုး ဘယ်ဘာသာမှာ ဘာပွဲလုပ်လုပ် ကျနော်တို့ လေးစားဂုဏ်ပြုဖို့ တာဝန်ရှိပါတယ်။ ဒီဟိန္ဒူတွေ သတ်ဖြတ်ခံရလို့ ကျနော်တို့လည်း ထပ်တူခံစားခဲ့ရပါတယ်။”

၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက် ညနေ ၃ နာရီခန့်မှာ ARSA အဖွဲ့ဝင် ၂၀၀ ကျော်ဟာ ဓား၊ တုတ်တွေနဲ့ ရဲဘောက်ကျာ ဟိန္ဒူရွာထဲကို ဝင်ရောက်လာပြီး ရွာမှာနေထိုင်တဲ့ ဟိန္ဒူလူမျိုး ၁၀၀ ကျော်ကို ဖမ်းဆီး ချုပ်နှောင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဖမ်းဆီးထားသူတွေကို ရွာနဲ့ ၂ မိုင်ခန့်ဝေးတဲ့ တောတန်းတနေရာကို ခေါ်ဆောင်သွားပြီး ဘာသာပြောင်းဖို့ အတင်းအကျပ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မလိုက်နာသူတွေထဲက ဟိန္ဒူအမျိုးသမီး ၈ ယောက်နဲ့ အမျိုးသား ၉၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် သေဆုံးခဲ့ရသူတွေကို အောက်မေ့သတိရဖို့အတွက် ဩဂုတ် ၂၅ ရက်ရောက်တိုင်း ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို နှစ်စဉ် ပြုလုပ်လာတာ ဖြစ်ပါတယ်။

အခမ်းအနားကို သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေ၊ ဟိန္ဒူလူမျိုးစုရေးရာကော်မတီဝင်တွေ၊ ULA/AA တာဝန်ရှိသူတွေနဲ့ မောင်တောခရိုင်အတွင်းက ဟိန္ဒူဒေသခံ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013