
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ရှိ အူးခီးယားမြို့နယ်၊ ကုတုပါလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း ခိုအောင်းနေထိုင်ကြတဲ့ ရိုဟင်ဂျာလက်နက်ကိုင် ARSA တပ်ဖွဲ့ဝင် ညီအစ်ကို ၂ ယောက်ကို လက်နက်တွေနဲ့အတူ ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်ရဲတပ်ဖွဲ့(APBn)က ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းစာတွေက ရေးပါတယ်။
အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းမှာ အူးခီယားမြို့အတွင်းရှိ အမှတ်(၂) ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်ရဲတပ်ဖွဲ့(APBn)က ဝင်ရောက် စီးနင်းဖမ်းဆီးခဲ့တာပါ။
ARSA တပ်ဖွဲ့ရဲ့ စခန်းတာဝန်ခံနဲ့ သူရဲ့ ညီဖြစ်သူ တပ်ဖွဲ့ဝင်တယောက်ကို ပစ္စတိုတလက်၊ ကျည်ဆန် ၆ တောင့်နဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ အမှတ် (၁၄) လက်နက်ကိုင်ရဲတပ်ရင်း (APBn) တပ်ရင်းမှူးနဲ့ လက်ထောက်ရဲစစ်ဆေးရေးမှူးချုပ် (ADIG) မိုဟာမက် ဆီရာ့ဂျ် အာမင်က အတည်ပြုထားပါတယ်။
ဖမ်းဆီးခံရတဲ့ သူတွေဟာ အသက် ၂၁ နှစ်အရွယ် မိုဟာမက်ဖိုင်ဆယ်နဲ့ သူရဲ့ ညီဖြစ်သူ ရိုဘီအူလ် အာလမ်တို့ဖြစ်ကြပြီး မိုဟာမက် ဖိုင်ဆယ်ဟာ ARSA အဖွဲ့ရဲ့ စခန်းတာဝန်ခံ ခေါင်းဆောင်တယောက် ဖြစ်တယ်လို့လည်း အမှတ် (၁၄) လက်နက်ကိုင်ရဲတပ်ရင်း (APBn) တပ်ရင်းမှူးက ပြောပါတယ်။
မိုဟာမက် ဖိုင်ဆယ်၏ နေအိမ်မှာ သေနတ်တွေ စုဆောင်းသိုလှောင်ထားတယ်လို့ သတင်းရရှိပြီးနောက် APBn အဖွဲ့တဖွဲ့က သူတို့ရဲ့ နေအိမ်ကို ဝိုင်းပြီး ဝင်ရောက်စီးနင်းရာမှာ လူ ၃ ယောက်လောက်က ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ ရဲတပ်ဖွဲ့က မိုဟာမက်ဖိုင်ဆယ်တို့ ညီအစ်ကိုကတော့ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
သူတို့ ၂ ယောက်ကို အူခီမြို့နယ်မြို့နယ် ရဲစခန်းကို လွှဲပြောင်းထားပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ဖို့ ရဲတပ်ဖွဲ့က ပြန်ဆင်နေတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောထားပါတယ်။
ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ARSA၊ RSO၊ ARA အဖွဲ့တို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ အဓိက ခိုအောင်နေထိုင်ကြပြီး စခန်းတွင်းမှာ လက်နက်ကိုင် အချင်းချင်း ပစ်ခတ်မှုတွေ မကြာခဏရှိကြလို့ အရပ်သားတွေနဲ့ ကလေးငယ်တွေ သေဆုံးမှုတွေလည်း ရှိကြတယ်လို့ ဒေသတွင်း မီဒီယာတွေက ရေးကြပါတယ်။











