DVB Logo
Home
မြန်မာသတင်း
လောင်တလိုင်တွင် နိုင်ငံခြားသားများနှင့် စစ်ရှောင်များ လိုက်နာရမည့် အချက် ၇ ချက် ထုတ်ပြန်
DVB
·
September 9, 2026
လောင်တလိုင်မြို့။ (Photo: DVB)
လောင်တလိုင်မြို့။ (Photo: DVB)
Donate to DVB

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်အတွင်း မြန်မာနိုင်ငံသား စစ်ဘေးရှောင်တွေနဲ့ နိုင်ငံခြားသားတွေ အိမ်ငှားနေထိုင်ခွင့် ကန့်သတ်တာ၊ ညမထွက်ရအမိန့် အပါအဝင် လိုက်နာရမဲ့ အချက် ၇ ချက်ပါတဲ့ ထုတ်ပြန်ချက်တခုကို လောင်တလိုင်ခရိုင် အုပ်ချုပ်ရေးမှူးက စက်တင်ဘာ ၃ ရက် နေ့စွဲနဲ့  ထုတ်ပြန်လိုက်တယ်လို့ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေ အပါအဝင် နိုင်ငံခြားသားတွေအနေနဲ့ လောင်တလိုင်ခရိုင်တွင်း အိမ်ငှားရမ်းနေထိုင်ခွင့်ကို ကန့်သတ်ထားပြီး စစ်ဘေးရှောင်တွေနဲ့ နိုင်ငံခြားသားတွေဟာ ည ၈ နာရီနောက်ပိုင်း အရေးပေါ်ကိစ္စကလွဲပြီး အပြင်ထွက်သွားလာခွင့်ကို ကန့်သတ်ထားပြီး လိုအပ်ပါက စစ်ဆေးမှုတွေပါ ပြုလုပ်ဖို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေ အပါအဝင် စစ်ရှောင်တွေဟာ နေ့စားအလုပ် လုပ်ကိုင်မယ် ဆိုပါက နေထိုင်တဲ့ ရပ်ကွက်၊ ကျေးရွာဥက္ကဋ္ဌနဲ့ လိုင်လူငယ်အစည်းအရုံး (YLA) တို့ထံက အလုပ်လုပ်ကိုင်ခွင့်ပါမစ် ရရှိမှ လုပ်ကိုင်ကြရမယ်လို့လည်း ဆိုထားပါတယ်။

လောင်တလိုင်ခရိုင်တွင်း နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေနဲ့ စစ်ဘေးရှောင်တွေရဲ့ စာရင်းတွေကို ကျေးရွာကောင်စီက စာရင်းမှတ်ပုံတင်ထားကြရမှာဖြစ်ပြီး လောင်တလိုင်ဒေသခံတွေအနေနဲ့လည်း သူတို့အိမ်ကို ရောက်လာတဲ့ နိုင်ငံခြားသားတွေရဲ့ စာရင်းနဲ့ အချက်အလက်ကို ကျေးရွာကောင်စီထံ မဖြစ်မနေ သတင်းပို့ရမယ်လို့ ဖော်ပြထားပါတယ်။

ဟိုတယ်နဲ့ တည်းခိုခန်းတွေ အနေနဲ့လည်း အချက်အလက်မခိုင်လုံတဲ့ နိုင်ငံခြားသား ဧည့်သည်တွေကို လက်ခံတည်းခိုခွင့် မပြုဖို့နဲ့ တည်းခိုသူတိုင်းထံက နိုင်ငံသားစိစစ်ရေးကတ်နဲ့ ယာဉ်မောင်းလိုင်စင် မိတ္တူတို့ကို တောင်းခံကာ အပတ်စဉ် လောင်တလိုင်ခရိုင် ရဲမှူးထံကို ပေးပို့ရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လောင်တလိုင်ခရိုင်ဟာ မြန်မာနိုင်ငံ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ တိုက်ရိုက်ထိစပ်နေတာဖြစ်ပြီး ချင်းပြည်နယ်က စစ်ဘေးရှောင် သောင်းနဲ့ချီ ခိုလှုံနေကြသလို အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးအတွက် အလွန်အရေးပါတဲ့ ခရိုင်တခုလည်း ဖြစ်ပါတယ်။

လောင်တလိုင်ခရိုင်အစိုးရဘက်က မြန်မာစစ်ဘေးရှောင်တွေ အပါအဝင် နိုင်ငံခြားသားတွေ လိုက်နာရမဲ့ စည်းကမ်းချက်တွေ ထုတ်ပြန်လိုက်တာဟာ စစ်ဘေးရှောင်တွေနဲ့ နယ်စပ်ကုန်သည်တွေအပေါ်မှာ ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ နယ်စပ်ကုန်သည်တွေက ပြောကြပါတယ်။

ရခိုင်နယ်စပ် ကုန်သည်တယောက်က “လောင်တလိုင်မှာ အိမ်ငှားနေထိုင်ခွင့် မရှိတာ၊ ည ၈ နာရီနောက်ပိုင်း ထွက်ခွင့်မရတာ၊ စစ်ရှောင်တွေ အလုပ်လုပ်ကိုင်ဖို့ ပါမစ်ရှိမှ လုပ်ရမယ်လို့ အမိန့်ထုတ်လိုက်တာက နယ်စပ်ကုန်သည်တွေနဲ့ စစ်ဘေးရှောင်တွေအပေါ် ရိုက်ခတ်မှု ဖြစ်လာနိုင်တယ်။ ကုန်သည်တွေက လောင်တလိုင်မှာ အထိုင်ချ နေထိုင်ကြရတာဆိုတော့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ နေဖို့ဆိုတာ အရမ်းကုန်ကျစရိတ် များတယ်လေ၊ အဲဒီတော့ အိမ်ငှားနေထိုင်တာက သက်သာတယ်။ အခု အိမ်ငှားခွင့် ကန့်သတ်လိုက်တော့ အခြေအနေ တချက် စောင့်ကြည့်ရဦးမယ်။ နောက် ညမထွက်ရအမိန့်လည်း ကုန်စည်တွေကို တင်ကြရတာက ညအချိန်မှ ကားပေါ်တင်ပြီး ရခိုင်ဘက်ကို ဆင်းကြရတာ၊ အခု ညမထွက်ရတော့ ဘယ်လိုဖြစ်လာမလဲ မသိရသေးဘူး။ စစ်ရှောင်တွေက စားဝတ်နေရေးအတွက် ကုန်တင် ကုန်ချ လုပ်ကြတော့ အခု ပါမစ်ရှိမှ လုပ်ရမယ်ဆိုရင် သူတို့ရဲ့ ဝင်ငွေအပေါ် သက်ရောက်မှုက ရှိလာနိုင်တယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့က ချင်းလူမျိုး စစ်ရှောင်တွေဟာ မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ် ရခိုင်မြို့သိမ်းတိုက်ပွဲ စတင်လာပြီးတဲ့ နောက်မှာလည်း စစ်အာဏာရှင်အစိုးရက ရခိုင်ပြည်နယ်ကို ကုန်စည်စီးဆင်းခွင့် ကန့်သတ်လိုက်ပြီးနောက် ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီတွေကို မီဇိုရမ်ပြည်နယ်က အဓိက ကုန်သွယ်မှုတွေ ပြုလုပ်နေကြရတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ လောင်တလိုင်ခရိုင်အတွင်း မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားတွေ အိမ်ငှားနေထိုင်ခွင့် ပိတ်ပင်ထားပေမဲ့ မြေပြင်မှာ လာရောက်ပိတ်ပင်တာမျိုးတွေ မရှိသေးဘူးလို့ အထက်ပါ နယ်စပ်ကုန်သည်က ပြောပါတယ်။

“အိမ်ငှားနေထိုင်ခွင့် ကန့်သတ်တယ်ဆိုပြီး ထုတ်ပြန်ချက်တွေတော့ တွေ့ပါတယ်။ မြေပြင်မှာတော့ လာပြီး ပိတ်ပင်တာမျိုးတော့ မရှိသေးဘူး။ နောက်တော့ ဘာဖြစ်လာမယ်ဆိုတာ ပြောလို့မရသေးဘူး။ တကယ်ပိတ်ပင်လာရင် အခက်ခဲတွေတော့ ရှိနိုင်တယ်။”

မြန်မာစစ်ရှောင်တွေ အပါဝင် နိုင်ငံခြားသားတွေ လိုက်နာရမဲ့ အချက် ၇ ချက်ကို ဩဂုတ် ၃၁ ရက်က လောင်တလိုင် ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့၊ အာသံရိုင်ဖယ်တပ်နဲ့ လိုင်လူငယ်အစည်းအရုံး (YLA) ပြုလုပ်တဲ့ အစည်းအဝေး သဘောတူညီချက်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

လောင်တလိုင်ခရိုင်အတွင်း နိုင်ငံခြားသား အိမ်ငှားနေထိုင်ခွင့်၊ ညမထွက်ရအမိန့် ထုတ်ပြန်ချက်တွေ ဘာကြောင့် လုပ်ရတယ်ဆိုတာ တိတိကျကျ မသိရပေမဲ့ မြန်မာနိုင်ငံ ချင်းပြည်နယ်က မူးယစ်ဆေးဝါးတွေ ဝင်ရောက်တာတွေကြောင့် ဖြစ်နိုင်တယ်လို့ မီဇိုရမ်ရောက် မြန်မာနိုင်ငံသားတွေက ခန့်မှန်းနေကြပါတယ်။

လက်ရှိမှာ မီဇိုရမ်ပြည်နယ်အတွင်း လောင်တလိုင်ခရိုင်တခုတည်းသာ အခုလို မြန်မာ စစ်ဘေးရှောင်တွေနဲ့ နိုင်ငံခြားသားတွေအပေါ် ကန့်သတ်လာတာဖြစ်ပြီး တခြားခရိုင်တွေမှာတော့ ကန့်သတ်ပိတ်ပင်တာမျိုး မရှိသေးဘူးလို့ ကုန်သည်တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013