
၂၀၁၄ ခုနှစ်တုန်းက မက္ကဆီကို တနိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ ဆရာအတတ်သင်ကျောင်းသား ၄၃ ယောက် ပျောက်ဆုံးမှုမှာ သက်သေအထောက်အထားတွေကို ဖျက်ဆီးဖို့ အမိန့်ပေးခဲ့မှု စွပ်စွဲချက်နဲ့ ဂွါရဲရိုးပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း အန်းဂဲလ် အာဂီးရဲကို ဖမ်းဆီးလိုက်ပြီလို့ မက္ကဆီကို အာဏာပိုင်တွေက သြဂုတ် ၆ ရက်မှာ ပြောပါတယ်။
အာဂီးရဲကိုမြို့တော်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မက္ကဆီကိုပြည်နယ်ထဲမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး တရားစီရင်ရေးကို နှောင့်ယှက်မှု၊ အဓမ္မပျောက်ကွယ်သွားစေမှု စတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲထားတယ်လို့ ရှေ့နေချုပ် အာနက်စတီနာဂိုဒွိုင်းက ပြောပါတယ်။
တောင်ပိုင်း ဂွါရဲရိုးပြည်နယ်က အာယိုစီနာပါ အစိုးရဆရာအတတ်သင်ကောလိပ်က ကျောင်းသားတွေ ပျောက်ဆုံးနေတဲ့နေရာကို ဖော်ထုတ်နိုင်ဖို့ အစိုးရဘက်က စုံစမ်းစစ်ဆေးရေး လမ်းကြောင်းအသစ်တွေနဲ့ အသေးစိတ် ပြန်လည်ဆန်းစစ်ခဲ့ရာမှာ အာဂီးရဲ ပါဝင်ပတ်သက်နေတာကို ခိုင်ခိုင်လုံလုံ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဇန်နဝါရီနဲ့ မေလတွေတုန်းက ရရှိခဲ့တဲ့ သက်သေခံချက် အသစ် ၂ ခုအရ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၆ ရက် ညပိုင်းက တောင်ပိုင်း ဂွါရဲရိုးပြည်နယ်၊ အီဂွာလာမြို့နယ်ရုံး အပါအဝင် တရားရုံးအနီးမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ သက်သေမှတ်တမ်း မှန်သမျှကို ဖျောက်ဖျက်ပစ်ဖို့ အာဂီးရဲက သူ့အစိုးရအဖွဲ့ထဲက အဆင့်မြင့် အရာရှိကြီးတွေနဲ့ တွေ့ဆုံချိန်မှာ တိုက်ရိုက် အမိန့်ပေးခဲ့တဲ့ သက်သေအထောက်အထားတွေ အခိုင်အမာ ရှိထားတယ်လို့ ဂိုဒွိုင်းက ပြောပါတယ်။
အာယိုစီနာပါ အစိုးရဆရာအတတ်သင်ကောလိပ်က ကျောင်းသား ၄၃ ယောက် ပျောက်ဆုံးသွားတဲ့ အမှုဟာ မက္ကဆီကိုနိုင်ငံရဲ့ လူသိအများဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုကြီးအဖြစ် ရှိနေတုန်းပါပဲ။
လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (GIEI) ရဲ့ အစောပိုင်း အစီရင်ခံစာတွေမှာ ရဲ၊ စစ်တပ်နဲ့ ဒုစရိုက်ဂိုဏ်းတွေ ပူးပေါင်းကျူးလွန်ခဲ့ကြတာလို့ ဆိုထားပေမဲ့ ဒီအမှုမှာ ကျူးလွန်သူအဖြစ် ဘယ်သူ့ကိုမှ ပြစ်ဒဏ်မချနိုင်သေးပါဘူး။
ခိုင်မာတဲ့ သတင်းရင်းမြစ်တွေနဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ ပြောကြားချက်အရ ကျောင်းသားတွေ သတ်ဖြတ်ခံခဲ့ရတဲ့ အဓိက အကြောင်းရင်း ၃ ချက်ရှိတယ်လို့ မှတ်တမ်းပြုစုထားပါတယ်။
အဲဒီအချိန်တုန်းက ကျောင်းသားတွေ ဆန္ဒပြပွဲသွားဖို့အတွက် ဘတ်စ်ကား ခဏသိမ်းယူချိန်မှာ အီဂွါလာမြို့တော်ဝန်က သူ့ဇနီးဖြစ်သူ အခမ်းအနားကို နှောင့်ယှက်မှာ စိုးရိမ်ပြီး ရဲတပ်ဖွဲ့ကို တားဆီးမိန့် ပေးခဲ့ပါတယ်။
မြို့နယ်ရဲတပ်ဖွဲ့ကလည်း သူတို့ဖမ်းမိထားတဲ့ ကျောင်းသား ၄၃ ယောက်ကို သူတို့နဲ့ ပူးပေါင်းထားတဲ့ "ဂွါရဲရိုး အူနီးဒိုးစ်" မူးယစ်ဂိုဏ်းလက်ထဲ လွှဲပြောင်းပေးခဲ့တာပါ။
အဲဒီမူးယစ်ဂိုဏ်းကလည်း ဆရာအတတ်သင်ကျောင်းက ကျောင်းသား ၄၃ ယောက်လို့ မသိရှိဘဲ သူတို့ရဲ့ ရန်သူပြိုင်ဘက် မူးယစ်ဂိုဏ်းဝင်တွေလို့ မှားယွင်း ယူဆပြီး နှိပ်စက်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters










