
နေပြည်တော်၊ တပ်ကုန်းမြို့နယ် အခြေစိုက် ခမရ ၁၀၉ တပ်ကနေ စစ်အာဏာရှင်တပ်သား ၄ ယောက် ထွက်ပြေးသွားတယ်လို့ တပ်ကုန်းမြို့နယ် ခမရ ၁၉ တပ်ရင်းနဲ့ နီးစပ်သူဆီက သိရပါတယ်။
တပ်ကုန်းမြို့နယ် အခြေစိုက် ခမရ ၁၀၉ တပ်ထဲကနေ မနေ့ မေ ၁၄ ရက် ည ၁၀ နာရီလောက်မှာ စစ်အာဏာရှင်တပ်က လူငယ်တပ်သား ၄ ယောက် လုံခြုံရေးတာဝန်ယူထားချိန် ထွက်ပြေးသွားတာ လို့ ဆိုပါတယ်။
တပ်ကုန်းအခြေစိုက် ခမရ ၁၀၉ တပ်ရင်းနဲ့ နီးစပ်သူက “ည ၁၀ နာရီကျော်ကျော်လောက်ကနေ ထွက်ပြေးသွားတာလို့ သိရတယ်။ တပ်က အကြီးအကဲတွေ မူးနေချိန် ထွက်ပြေးသွားတဲ့ တပ်သား တွေက အရင်က တပ်သားလား၊ စစ်မှုထမ်း တပ်သားတွေလား မသိသေးဘူး။ ရှာတာတော့ ရှုပ်ယှက်ခက်နေတယ်” လို့ ပြောပါတယ်။
ထွက်ပြေးသွားတဲ့ တပ်သားတွေကို စစ်အာဏာရှင်တပ် ခမရ ၁၀၉ တပ်ရင်းက တပ်ရာရှိတွေ၊ ပြည်သူ့စစ်တွေနဲ့ ရဲတွေက ပိုက်စိပ်တိုက် လိုက်လံရှာဖွေနေပြီး မေ ၁၅ ရက် ညနေပိုင်းအထိ ပြန်လည် ဖမ်းမိတာ မရှိသေးဘူးလို့ သိရပါတယ်။
စစ်အာဏာရှင်တပ်သားတွေ ထွက်ပြေးသွားတာနဲ့ ပတ်သက်လို့ အပူတပြင်း လိုက်လံရှာဖွေတဲ့အပြင် ခမရ ၁၀၉ တပ်ကနေ စစ်ဆေးရေးဂိတ်တွေကိုလည်း သတင်းပို့ စစ်ဆေးနေတယ်လို့ စစ်အာဏာရှင် တပ်နဲ့ နီးစပ်သူဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမအပတ်ကလည်း နေပြည်တော်၊ တပ်ကုန်းမြို့နယ်က စစ်အာဏာရှင် တပ်ရဲ့ ခမရ ၁၀၉ ကနေ တပ်သား ၃ ယောက် ထွက်ပြေးခဲ့ပြီး တယောက် ပြန်လည် အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။










