
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သာပေါင်း-ကြက်သွန်ကွင်း စစ်ဆေးရေးဂိတ်မှာ စစ်အာဏာရှင် တပ်သားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး တပ်သားတယောက် သေဆုံးသွားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၈ ရက် ညပိုင်းမှာ သာပေါင်း-ကြက်သွန်ကွင်း စစ်ဆေးရေးဂိတ်မှာ လုံခြုံရေးတာဝန်ကျနေတဲ့ တပ်သားအဆင့် စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၂ ယောက်ဟာ အချင်းချင်း စကားများ ရန်ဖြစ်ရာကနေ ဓားထိုးမှုဖြစ်ပွားခဲ့တာဖြစ်ပြီး တပ်သားတယောက်ဟာ ဒဏ်ရာအများအပြားရရှိကာ သေဆုံးသွားတာ ဖြစ်ပါတယ်။
စစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူတယောက်က “တယောက်ကတော့ တခါတည်း သေဆုံးသွားတာ။ တပ်သားအချင်းချင်း ရန်ဖြစ်ကြတာပါ။ ကင်းစောင့်တာဝန်ချိန် ပြောင်းတာနဲ့ ပတ်သက်ပြီး ရန်ဖြစ်ကြရာကနေ တယောက်က ဓားနဲ့ထိုးလိုက်တာလို့ သိရတယ်” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ တပ်သားရဲ့ ရုပ်အလောင်းကို စစ်အာဏာရှင် တပ်သားတွေက သယ်ယူသွားပြီး လက်စဖျောက်ကာ စစ်အာဏာရှင်တပ်ရဲ့ သတင်းတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဖုံးကွယ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းပေါက်ကြားမှု မရှိစေဖို့နဲ့ သက်ဆိုင်ရာဌာနကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရာတွေ အပြင်ကို မပေါက်ကြားစေဖို့ တာဝန်ရှိသူတွေက အောက်ခြေတပ်သားတွေကို မှာကြားထားတယ်လို့ သိရပါတယ်။











