DVB Logo
Home
နိုင်ငံတကာ
ကွန်ဂိုနိုင်ငံကို ကျန်းမာရေးထောက်ပံ့ရေးပစ္စည်း ၄ ဒသမ ၇ တန် WHO ပေးပို့
DVB
·
May 19, 2026
Photo: WHO/Handout via REUTERS
Photo: WHO/Handout via REUTERS
Donate to DVB

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) ဆီကို မရှိမဖြစ် လိုအပ်တဲ့ ဆေးဝါးနဲ့ ဆေးပစ္စည်း ကုန်တန်ချိန် ၄ ဒသမ ၇ တန်ကို မေ ၁၈ ရက်မှာ ပို့ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။

ဒီလိုပို့ဆောင်ရာမှာ MONUSCO (ကွန်ဂိုနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် ကုလသမဂ္ဂအဖွဲ့) က သူတို့ရဲ့ လေယာဉ်တစင်းကို ကုန်စည်သယ်ယူဖို့အတွက် စီစဉ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

အိမ်နီးချင်း ယူဂန်ဒါနိုင်ငံရဲ့ မြို့တော် ကမ်ပါလာမှာ ဒီရောဂါကူးစက်ခံရသူ ၂ ယောက် ရှိနေကြောင်း အတည်ပြုပြီးနောက်မှာ ရောဂါဟာ ကွန်ဂိုနယ်စပ်တွေထက် ကျော်လွန်ပြီး ပိုမိုပျံ့နှံ့သွားနိုင်တဲ့ အန္တရာယ် အလွန်မြင့်မားတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မေ ၁၇ ရက်မှာ အီဘိုလာရောဂါ ပြန့်ပွားမှုကို နိုင်ငံတကာကသတိထားရမဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။ 

ဒီဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဖှာဟန်ဟတ်ခ်က တနင်္လာနေ့မှာ နယူးယောက်မြို့မှာ ထပ်လောင်းအတည်ပြု ပြောပါတယ်။

“ဒီဆုံးဖြတ်ချက်ဟာ အခုလောလောဆယ် ရှာဖွေတွေ့ရှိထားတာထက် ရောဂါကူးစက်မှု အခြေအနေက ပိုပြီးကျယ်ပြန့်နေနိုင်တဲ့ အလားအလာ ရှိနေတာကို မီးမောင်း ထိုးပြနေတာ ဖြစ်တယ်”လို့လည်း ဆိုပါတယ်။

ကွန်ဂိုအရှေ့ပိုင်းက အီတူရီပြည်နယ်မှာ ဓာတ်ခွဲခန်းစစ်ဆေးချက်အရ ရောဂါပိုးရှိကြောင်း အတည်ပြုထားသူ ၈ ယောက်နဲ့ ရောဂါပိုးရှိနိုင်တယ်လို့ သံသယရှိသူ ၂၄၆ ယောက်ရှိကြောင်း အစီရင်ခံထားပြီး၊ မကြာသေးခင်က သီတင်းပတ်တွေအတွင်းမှာ ဒီရောဂါကြောင့် လူပေါင်း ၈၀ လောက်သေဆုံးခဲ့ရတယ်လို့ သံသယရှိနေကြပါတယ်။

အခုဖြစ်ပွားနေတဲ့ ရောဂါဟာ ဘွန်ဒီဘူဂျို ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားပြီး၊ အတွေ့ရပိုများတဲ့ အီဘိုလာရဲ့ ဇိုင်းယား ဗိုင်းရပ်စ်မျိုးစိပ်နဲ့မတူတာကတော့ ဒီဗိုင်းရပ်စ်အတွက် သီးသန့်အတည်ပြုထားတဲ့ ကုသဆေး ဒါမှမဟုတ် ကာကွယ်ဆေး မရှိသေးတာပဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ကီဗူးမြောက်ပိုင်းနဲ့ အီတူရီပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ဇိုင်းယား ဗိုင်းရပ်စ်မျိုးစိပ် ကူးစက်မှုကြောင့် လူပေါင်း ၂၃၀ နီးပါး သေဆုံးခဲ့ရပြီး သမိုင်းတလျှောက် ဒုတိယမြောက် အသေအပျောက် အများဆုံး ရောဂါပြန့်ပွားမှု ဖြစ်ခဲ့ပါတယ်။ 

အဲဒီတုန်းက ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေဟာ ကွန်ဂိုအရှေ့ပိုင်းမှာ အခုထက်ထိ ဖြစ်ပွားနေဆဲ လက်နက်ကိုင် အကြမ်းဖက်မှုတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013