
ဒီမိုကရက်တစ်သမ္မတ ကွန်ဂိုနိုင်ငံမှာ ဘန်ဒီဘူဂီယို ဗိုင်းရပ်စ်အမျိုးအစား အီဘိုလာရောဂါ ကူးစက်နေလို့ နောက်ထပ် ကျန်းမာရေးစောင့်ရှောက်မှုဇုန် နှစ်ခု ထပ်ပြီးထိခိုက်ခံစားနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သောကြာနေ့မှာ ပြောပါတယ်။
နိုင်ငံရဲ့ အနောက်မြောက်ပိုင်းက ဆတ်အူဘန်ဂီပြည်နယ်သစ်က ဘူးလူး ကျန်းမာရေး စောင့်ရှောက်မှုဇုန်၊ တောင်ဆူဒန်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အွတ်အွီလီ ပြည်နယ်က ဒန်ဂူ ကျန်းမာရေးစောင့်ရှောက်မှုဇုန်တို့ ပါတယ်လို့ WHO ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်အထိ ကွန်ဂိုနိုင်ငံမှာ ပြည်နယ် ၇ ခုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဇုန် ၆၃ ခု ထိခိုက်ခံစားနေရပြီး၊ မကြာသေးမီကမှ ထပ်ပြီးထိခိုက်တဲ့ ဇုန်နှစ်ခုကိုလည်း တွေ့ထားပါတယ်လို့ WHO ရဲ့ အာဖရိက ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ပါမောက္ခ မိုဟာမဒ် ဂျနာဘီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဗုဒ္ဓဟူးနေ့အထိ စာရင်းတွေအရ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ရောဂါပိုးကူးစက်ခံရသူ ၇,၈၉၀ ယောက်နဲ့ သေဆုံးသူ ၃,၇၉၉ ယောက် ရှိတယ်လို့ WHO က သတင်းထုတ်ပြန်ခဲ့ပြီး၊ ရောဂါကြောင့် သေဆုံးနိုင်ခြေနှုန်းထား (CFR) ၄၈.၁ ရာခိုင်နှုန်း ရှိနေပါတယ်။
ပဋိပက္ခတွေနဲ့ လူထုရွှေ့ပြောင်းနေထိုင်ရမှုတွေကြောင့် ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ထိခိုက်ခံစားရတဲ့ လူ့အသိုက်အဝန်းတွေဆီ သွားကူညီဖို့နဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ခြေရှိသူတွေကို လိုက်စုံစမ်းရှာဖွေဖို့ ခက်ခဲတဲ့အတွက် ရောဂါကူးစက်ပျံ့နှံ့နိုင်ခြေ မြင့်တက်နေတယ်လို့ WHO ညွှန်ကြားရေးမှူးချုပ် တေဒရို အက်ဒါနွန် ဂေဘရီယေးဆပ် က ထောက်ပြပြောဆိုခဲ့ပါတယ်။
Source: Reuters










