
ယူကရိန်းနဲ့ ဂါဇာအပါအဝင် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ ဆေးရုံဆေးခန်းတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ လူနာတွေအပေါ် တိုက်ခိုက်မှုတွေဟာ ၂၀၂၆ ခုနှစ်အတွင်း ဆက်တိုက် မြင့်တက်လာပြီး တရက်ကို ပျမ်းမျှ ၄ ကြိမ်ထက်မနည်း ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဩဂုတ် ၁၄ ရက်မှာ ပြောပါတယ်။
ဒီနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအတွင်း တိုက်ခိုက်မှုပေါင်း ၉၀၀ ထက်မနည်း ရှိခဲ့ပြီး၊ အနည်းဆုံး လူ ၉၀၀ သေဆုံးကာ ၁,၄၀၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ WHO ရဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ညွှန်ကြားရေးမှူး အယ်လ်တပ်ဖ်မူဆာနီက ဂျီနီဗာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေအရ သိရပါတယ်။
သတင်းပို့ချက်တွေထဲမှာ ယူကရိန်း၊ လက်ဘနွန်နဲ့ ပါလက်စတိုင်း ပိုင်နက်နယ်မြေတွေမှာ ဖြစ်ပွားခဲ့တာက အများဆုံးဖြစ်ပေမဲ့ အီရန်၊ ဆူဒန်၊ မြန်မာ၊ ဆီးရီးယား၊ နိုက်ဂျီးရီးယား၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ တောင်ဆူဒန်နဲ့ ရုရှားဖက်ဒရေးရှင်း အပါအဝင် တခြားနိုင်ငံတွေ မှာလည်း တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ မူဆာနီက ပြောပါတယ်။
တိုက်ခိုက်မှုပုံစံတွေထဲမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဆေးကုသရေးစနစ်တွေကို ဖျက်ဆီးတာနဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရစေတဲ့ အကြမ်းဖက်မှုတွေက အဓိက ဖြစ်နေပါတယ်။
ဒါ့အပြင် ဒီကာလအတွင်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာတွေကို ပြန်ပေးဆွဲတာနဲ့ ဖမ်းဆီး ထိန်းသိမ်းတာဖြစ်စဉ် ၄၄ ကြိမ်ရှိခဲ့ပြီး အများစုမှာ ဝန်ထမ်းတွေ ဖမ်းဆီးခံရတာဖြစ်လို့ ကျန်းမာရေးဝန်ထမ်း ၉၄ ဦး တိုက်ရိုက် ထိခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီလို တိုက်ခိုက်မှုတွေဟာ ဖြစ်ပွားတဲ့နေ့မှာတင် ရိုက်ခတ်မှု ပြီးဆုံးသွားတာ မဟုတ်ဘဲ လူနာတွေ ဆေးကုသခွင့် မရတော့တာ၊ လူနာတင်ယာဉ်တွေ လွှဲပြောင်းမပို့ပေးနိုင်တော့တာ၊ ဝန်ထမ်းတွေ အလုပ်ခွင် မပြန်နိုင်တော့တာနဲ့ ဆေးဝါးပြတ်လပ်တာစတဲ့ ကြီးမားပြီး ရေရှည်ခံမဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုပါ ဖြစ်ပေါ်စေတယ်လို့လည်း မူဆာနီက ပြောပါတယ်။
WHO ရဲ့ စောင့်ကြည့်လေ့လာရေးစနစ်က ဒီလိုဖြစ်စဉ်တွေကို စတင်စောင့်ကြည့်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းကဆိုရင် နိုင်ငံနဲ့ နယ်မြေပေါင်း ၂၉ ခုမှာ အတည်ပြုထားတဲ့ တိုက်ခိုက်မှု ၁၀,၄၀၀ ထက်မနည်း ရှိခဲ့ပြီး၊ သေဆုံးသူ ၅,၇၀၀ လောက်နဲ့ ဒဏ်ရာရရှိသူ ၈,၅၀၀ ထက်မနည်း ရှိခဲ့ပါတယ်။
အဲဒီလို အတည်ပြုထားတဲ့ တိုက်ခိုက်မှုပေါင်း ၁၀,၀၀၀ ထက်မနည်းထဲက တခုမှ တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုင်ရာ အရေးယူဆောင်ရွက်မှု အဆင့်ကို မရောက်ရှိသေးပါဘူး။ ကျန်းမာရေးစနစ်တွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနဲ့ ဂျီနီဗာ ကွန်ဗန်းရှင်းတို့ အောက်မှာ အကာအကွယ်ပေးထားတာဖြစ်လို့ ဒေသတွင်း၊ အမျိုးသားအဆင့်နဲ့ နိုင်ငံတကာအဆင့် အရေးယူနိုင်မဲ့ နည်းလမ်းတွေ ရှိနေပါတယ်။
တိုက်ခိုက်သူတွေကို အရေးယူ တာဝန်ခံခိုင်းဖို့ WHO အနေနဲ့ လုပ်ပိုင်ခွင့်ရော ကျွမ်းကျင်မှုပါ မရှိပေမဲ့ ပဋိပက္ခမှာ ပါဝင်နေသူတွေကို တာဝန်ခံမှုရှိအောင် အရေးယူကြဖို့ WHO ညွှန်ကြားရေးမှူးချုပ်က ထပ်မံတောင်းဆိုထားပါတယ်။
Source:Reuters











