DVB Logo
Home
နိုင်ငံတကာ
ကွန်ဂိုတွင် အီဘိုလာကူးစက်ခံရသူများအတွက် WHO က ပြည်သူ့ကျန်းမာရေးဌာန ဆောက်လုပ်
DVB
·
May 28, 2026
Photo: WHO
Photo: WHO
Donate to DVB

ကွန်ဂိုနိုင်ငံအရှေ့ပိုင်းမှာ ကူးစက်ပြန့်ပွားမှု ပိုမိုများပြားလာနေတာကို ထိန်းချုပ်နိုင်ဖို့ အာဏာပိုင်တွေက လုပ်ဆောင်နေကြချိန်မှာ ဘူနီယာမြို့မှာရှိတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့ဟာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရရုံမျှ သံသယရှိသူတွေ ဒါမှမဟုတ် ကူးစက်ခံထားရကြောင်း အတည်ပြုထားသူတွေကို စောင့်ရှောက်ပေးမဲ့ ပြည်သူ့ကျန်းမာရေးဌာနတခု အမြန်ဆုံးပြီးစီးဖို့ လုပ်ဆောင်နေပါတယ်။

ဒီအရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုကာလ လွန်သွားရင်တောင် ဒေသတွင်းမှာ ကိုယ်တိုင် လုပ်ဆောင်နိုင်စွမ်းတွေ ကျန်ရစ်ခဲ့စေဖို့ ရည်ရွယ်ပြီး လူနာတွေကို ထားရှိမဲ့တဲတွေ ဆောက်လုပ်တဲ့ နေရာမှာ လူငယ် စေတနာ့ဝန်ထမ်းတွေကို လေ့ကျင့်ပေးဖို့အတွက် ဒီဆောက်လုပ်ရေးလုပ်ငန်းကို အသုံးချနေတာလို့ WHO က ပြောပါတယ်။

ဒီအစီအစဉ်ဟာ နောင်တချိန်မှာ ရောဂါကူးစက်ပြန့်ပွားမှုတွေ ထပ်မံကြုံတွေ့လာရပါက ကုသရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အလျင်အမြန် တည်ဆောက်နိုင်မဲ့ လက်တွေ့ကျတဲ့ ကျွမ်းကျင်မှုပညာရပ်တွေ ဘူနီယာမြို့ခံတွေဆီမှာ ရှိနေစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

WHO ရဲ့ ဖြစ်စဉ်ဆိုင်ရာ မန်နေဂျာဖြစ်သူ ဒေါက်တာ ရစ်ချက် ဖော့ဆင်းက အဲဒီ အီဘိုလာကုသရေးဌာနကို လူနာတွေ သင့်တော်တဲ့စောင့်ရှောက်မှု ခံယူနိုင်ပြီး အရည်အသွေးမီ ကုသမှုရရှိနိုင်မဲ့ လွှဲပြောင်းကုသရေး ဗဟိုဌာနကြီးတခု ဖြစ်လာစေဖို့ ရည်ရွယ်ထားပြီး ဒီလိုလုပ်ဆောင်ခြင်းဖြင့် ဒီရောဂါကြောင့် သေဆုံးရမှုနှုန်းကို လျှော့ချရာမှာ အထောက်အကူ ပြုနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိ ရှိပြီးသား ကလေးသူငယ်ကုသရေးဆောင်မှာ အီဘိုလာကုသရေးဌာန ဖွင့်လှစ်သွားမှာ ဖြစ်ပေမဲ့ လူနာခုတင် လိုအပ်ချက်ကို ပြည့်မီနိုင်ခြေမ ရှိတာကြောင့် လက်ရှိမှာ ရောဂါသံသယ ရှိသူတွေအတွက် ယာယီအဆောက်အအုံတွေ ဆောက်လုပ်ဖို့ တခြားမြေနေရာတခုကို မြေညှိတာတွေ လုပ်ဆောင်နေတယ်လို့ WHO ဒါကာရုံးချုပ်ရဲ့ ထောက်ပံ့ပို့ဆောင်ရေးအရာရှိ ဇွန်ဂို မာမာဒိုက ရှင်းပြပါတယ်။

မြေနေရာ လုံလောက်မှုရှိရင် ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုထားသူတွေ အတွက်ပါ ထပ်မံတိုးချဲ့သွားမယ်လို့ ဆိုပါတယ်။

လုံခြုံရေးနဲ့ပတ်သက်ပြီး ဒေသခံတွေအနေနဲ့ အခုလို လုပ်ဆောင်နေတာဟာ ပြည်သူတွေရဲ့ အကျိုးအတွက် ဖြစ်တယ် ဆိုတာကို နားလည်ယုံကြည်လာပြီး ဒီလုပ်ငန်းစဉ်တွေကို အမှန်တကယ် ပူးပေါင်းကူညီပေးနိုင်ဖို့အတွက် ဒေသခံလူထုနဲ့ တွေ့ဆုံဆွေးနွေးမဲ့ ပြန်ကြားရေးအဖွဲ့တဖွဲ့လည်း မကြာမီ ရောက်ရှိလာတော့မယ်လို့ မာမာဒူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အတည်ပြုထားတဲ့ ကာကွယ်ဆေး ဒါမှမဟုတ် ကုသဆေး မရှိသေးတဲ့ ဘွန်ဒီဘူဂျို အီဘိုလာဗိုင်းရပ်စ်မျိုးကွဲဟာ ကူးစက်ခံရသူဦးရေ သိသိသာသာ မြင့်တက်လာခဲ့တာကြောင့် ဒီလအစောပိုင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုင်ငံတကာအဆင့် စိုးရိမ်ရတဲ့ အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ သွားရောက်ဖို့ ခက်ခဲအောင် နှောင့်ယှက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေရှိရာ ကီဗူးမြောက်ပိုင်းနဲ့ တောင်ပိုင်း အပါအဝင် ကွန်ဂိုအရှေ့ပိုင်းက ပြည်နယ်သုံးခုမှာ ကူးစက်ခံရသူလို့ သံသယရှိသူ ၉၀၀ ကျော်နဲ့ သေဆုံးသူလို့ သံသယရှိသူ ၂၀၀ ကျော်အထိ ရှိနေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013