DVB Logo
Home
မြန်မာသတင်း
နိုင်ငံမဲ့ဘဝမှ Miss World Thailand အလှမယ်သရဖူဆုရခဲ့သည့်  ရှမ်းတိုင်းရင်းသူ နောင့်နမ့်ဖိန့်
DVB
·
May 12, 2026
Photo: Miss World Thailand 
Photo: Miss World Thailand 
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မေ ၁၀ ရက်ညက ကျင်းပပြီးတဲ့ ထိုင်းအလှမယ် Miss World Thailand 2026 ပြိုင်ပွဲမှာ အသက် ၂၅ နှစ်ရွယ် ရှမ်းတိုင်းရင်းသူ နောင့်နမ့်ဖိန့်(ခ) ကန်ထိဒါးတေချ်ဖတ်ထနားကွန်းက အလှမယ်သရဖူ ဆွတ်ခူးသွားပါတယ်။  

ပါဝင်ယှဉ်ပြိုင်သူ အလှမယ်ပေါင်း ၂၁ ယောက်ထဲကနေ ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး  လာမဲ့စက်တင်ဘာလ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ ကျင်းပမဲ့ ၇၃ ကြိမ်မြောက် Miss World ကမ္ဘာ့မယ်ပြိုင်ပွဲမှာ ထိုင်းနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

အလှမယ် နောင့်နမ့်ဖိန့်ဟာ အခုလို အောင်မြင်မှုရဖို့အတွက် အခက်အခဲတွေကြားက ကြိုးစားခဲ့ရကြောင်း၊ အထူးသဖြင့် သူဟာ ထိုင်းနိုင်ငံမှာ မွေးစာရင်းမရှိလို့  နိုင်ငံမဲ့ ဖြစ်ခဲ့ရတယ်၊ ရည်မှန်းချက်နဲ့ အိပ်မက်တွေဟာ “နိုင်ငံမဲ့” ဆိုတဲ့ အတားအဆီးအောက်မှာ ပျောက်ဆုံးခဲ့ရတယ်လို့  အလှမယ်မိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။ 

“နမ့်ဖိန့်ဟာ နွေးထွေးတဲ့ရှမ်းမိသားစုက‌နေ မွေးဖွားလာပါတယ်၊ ဒါပေမဲ့ မွေးစာရင်းမရှိလို့ နိုင်ငံမဲ့ကလေး ဖြစ်ရတယ်၊ ငယ်စဉ်ကတော့ နိုင်ငံမဲ့ဆိုတာ ဘာမှန်းမသိဘူး၊ ကြီးလာတော့ ဘဝမှာ ဖြစ်ချင်တာတွေ၊ အိပ်မက်တွေ မျှော်မှန်းချက် ရည်မှန်းချက်တွေရှိလာတယ်၊ ဆရာဝန် ဖြစ်ချင်တယ်၊ ဒါပေမဲ့ နိုင်ငံမဲ့ဆိုတဲ့ အရာဟာ အိပ်မက်တွေအတွက် အဟန့်အတားဖြစ်ခဲ့တယ်၊ ဝင်ရောက်ဖြေဆိုခွင့်လေးတောင် မရှိခဲ့ပါဘူး။”

“ဒါပေမဲ့ နမ့်ဖိန့် စိတ်ဓာတ်မကျဘူး၊ မိမိမှာ အရည်အချင်းရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့ စာကြိုးစားတယ်၊ အိမ်စာပြီးအောင်လုပ်တယ်၊ အများအကျိုး ကူညီဆောင်ရွက်တယ်၊ အဲဒီအရာတွေဟာ အလဟဿမဖြစ်ခဲ့ပါဘူး၊ တနေ့မှာ အမေရိကန်မှာ ကျင်းပမဲ့ လူငယ်သိပ္ပံ တီထွင်မှုပြိုင်ပွဲမှာ နောင့်ဖိန့်တို့အသင်းက ထိုင်းလူငယ်ကိုယ်စားပြု သွားပြိုင်ရဖို့ ဖြစ်လာတယ်၊ နောင့်ဖိန့်ကတော့  ထိုင်းမှတ်ပုံတင်မရှိလို့ ပြည်ဝင်ခွင့်ဗီဇာ ၂ ကြိမ် ပယ်ချခံခဲ့ရပါတယ်၊ နောက်ဆုံးတော့ ထိုင်းအစိုးရရဲ့ ကြည့်ရှုစောင်မမှုကြောင့် ထိုင်းနိုင်ငံသားကတ် ရပြီးကာမှ သွားပြိုင်ခဲ့ရတယ်၊ အဲဒီပြိုင်ပွဲမှာ နောင့်ဖိန့်က ထိုင်းနိုင်ငံနဲ့ ပြည်သူအတွက် အောင်မြင်မှုဆု ယူဆောင်လာနိုင်ခဲ့ပါတယ်၊ အဲဒီမှာ နမ့်ဖိန့်ဟာ နိုင်ငံမဲ့ပေမဲ့ အရည်အချင်းမမဲ့ဘူးဆိုတဲ့ ခွန်အားကို ရရှိခဲ့တယ်။”

“နိုင်ငံသားမှတ်ပုံတင်လည်းရ အောင်မြင်မှုတွေလည်း ရခဲ့တဲ့နောက် နမ့်ဖိန့်က နိုင်ငံမဲ့ကလေးတွေ အခွင့်အလမ်းရစေဖို့ Dear Your Dream ဆိုတဲ့ အစီအစဉ်လုပ်ခဲ့တာ အခုဆို ၄ နှစ်ရှိပါပြီ၊ နိုင်ငံမဲ့ကလေးတွေကို တွေ့ဆုံအားပေး အသိပညာပေးတယ်၊ သူတို့အိပ်မက်တွေ ဆက်ပြီးအကောင်အထည်ဖော်နိုင်ဖို့ ပညာသင်ထောက်ပံ့‌ကြေး ရန်ပုံငွေထူထောင်တယ်၊ ကောင်းမွန်တဲ့ အသက်မွေးဝမ်းကျောင်း လမ်းညွှန်ပေးတယ်၊  ၄ နှစ်တာကာလ နိုင်ငံမဲ့ကလေးတွေနဲ့ ထိတွေ့တာမှာ သူတို့ဟာ သူတပါးရဲ့ သနားစွာထောက်ပံ့မှုထက် အခွင့်အလမ်းကိုသာ လိုချင်ကြတာလို့ သိခဲ့ရပါတယ်။”  

“ကမ္ဘာပေါ်မှာ နိုင်ငံမဲ့ကလေးပေါင်း ၁၀ သန်းကျော်ရှိတယ်၊ အဲဒီထဲက ထိုင်းနိုင်ငံမှာ ၂ သိန်း ကျော်ရှိတယ်၊ နိုင်ငံမဲ့ အထောက်အထားမဲ့တာကြောင့် အခွင့်အလမ်းတွေ အခါခါ လက်လွှတ်ဆုံးရှုံးခဲ့ရတယ်၊ ဒီကနေ့ ကျမ သိလိုက်ရပါပြီ၊ သူတို့အိပ်မက် အလင်းတန်းအတွက် ကျမဟာ မီးစထွန်းညှိပေးခဲ့သူ ဖြစ်ရပြီ။”

“ကျမရဲ့ အမြင့်ဆုံးရည်မှန်းချက်ကတော့ နိုင်ငံမဲ့ကလေးတွေအားလုံး မိမိအရည်အချင်းကို ဆန်းစစ်ထက်မြက်အောင်လုပ်ပြီး လိမ်လည်လှည့်ဖြားမှုကနေ ကာကွယ်နိုင်ဖို့နဲ့ ထိုင်းနိုင်ငံအတွက်ရော ကမ္ဘာကြီးအတွက်ပါ အကျိုးပြုနိုင်တဲ့ ကလေးတွေ ဖြစ်လာစေချင်ပါတယ်” လို့ ပြောသွားပါတယ်။

နမ့်ဖိန့်ရဲ့ မိဘတွေဟာ ရှမ်းပြည်အရှေ့ပိုင်းဒေသကနေ ရွှေ့ပြောင်းနေထိုင်လာသူတွေဖြစ်ပြီး သူ့ကိုတော့ ချင်းရိုင်းခရိုင်မှာ မွေးဖွားပါတယ်။ သူဟာ နွမ်းပါးကလေးငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့  ချင်းရိုင်းပရဟိတစာသင်ကျောင်းမှ အထက်တန်းအောင်မြင်ခဲ့ပါတယ်။ 

UNHCR က ကျင်းပတဲ့ အာရှပစိဖိတ်‌ဒေသ နိုင်ငံမဲ့ကလေးများရဲ့ ဖွံ့ဖြိုးရေးပြဿနာနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ  နိုင်ငံမဲ့ကလေးများ ကိုယ်စားလှယ်အနေနဲ့ တက်ရောက်ဆွေးနွေးခဲ့တယ်။  

အဲဒီနောက် ချင်းမိုင်တက္ကသိုလ်ကနေ ဆေးသိပ္ပံနည်းပညာဘာသာရပ်နဲ့ သိပ္ပံဘွဲ့ရခဲ့ကာ ဆက်လက်ပြီး Master of Public Administration   မဟာတန်းကို တက်ရောက်နေပါတယ်။ 

ပညာသင်ကြားကာလအတွင်း ဒေသတွင်းအဆင့်၊ ခရိုင်အဆင့် အလှမယ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာမှာ ၂၀၂၃ ခုနှစ် ချင်းမိုင်အလှမယ်ဆု MUT CHIANG MAI 2023 ကို လည်းကောင်း၊ MISS UNIVERSE THAILAND 2023  ထိုင်းအလှမယ်ပြိုင်ပွဲမှာ ဆန်ကာတင် ၂၀ ဦးထဲမှာ လည်းကောင်း၊  ၂၀၂၆ ခုနှစ် လမ်းပန်းခရိုင် အလှမယ် Miss Grand LamPang 2026 မှာ တတိယဆုကို လည်းကောင်း ရရှိခဲ့ပါတယ်။

၂၀၂၆ ဇန်နဝါရီလက ကျင်းပပြီးစီးသွားတဲ့ ချင်းမိုင်ခရိုင် ဆောင်းရာသီပွဲတော် အလှမယ်ပြိုင်ပွဲမှာ Miss Chiangmai  ချင်းမိုင်မယ်သရဖူဆုကိုလည်း ရရှိခဲ့ပြီး ဒီတခါမှာတော့ ထိုင်းတနိုင်ငံလုံးရဲ့ အလှဘုရင်မ MISS WORLD THAILAND 2026 သရဖူကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ 

Source: Beauty Queen / Miss World Thailand 2026 live Video 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013