
Miss World Thailand 2026 အလှမယ်သရဖူကို ဆွတ်ခူးရရှိထားတဲ့ ရှမ်းတိုင်းရင်းသူ ရှမ်းတိုင်းရင်းသူ နောင့်နမ့်ဖိန့် (ခ) ကန်ထိဒါး တေချ်ဖတ်ထနားကွန်းကို ချင်းမိုင်အခြေစိုက် ရှမ်းတိုင်းရင်းသားတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွက ဂုဏ်ပြုခဲ့ပါတယ်။
မေ ၂၃ ရက် မနက်ပိုင်း ချင်းမိုင်မြို့ ချန့်ဖိုတ်ရပ်ကွက် ဝပ်ကူတောဝ်ကျောင်းတိုက်မှာ ချင်းမိုင်အခြေစိုက် ရှမ်းတိုင်းရင်းသားတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေအပြင် နိုင်ငံမဲ့ရွှေ့ပြောင်းကလေးငယ်တွေနဲ့ပါ တွေ့ဆုံစကားပြောခဲ့တာပါ။
သူဟာ Miss Chiangmai 2026 အပါအဝင် အလှမယ်သရဖူအဆင့်ဆင့်ကို ဆွတ်ခူးခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ သီတင်းပတ်က ဘန်ကောက်မှာကျင်းပတဲ့ အလှမယ်ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် ၂၁ ဦးထဲကနေ ထိုင်းတနိုင်ငံလုံးဆိုင်ရာ Miss World Thailand 2026 အဖြစ် ထိုက်ထိုက်တန်တန် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ ပြီးခဲ့တဲ့ ၄ နှစ်တာကာလပတ်လုံး "Dare Your Dream" အစီအစဉ်ကို ကိုယ်တိုင်တည်ထောင်ပြီး ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံမဲ့ကလေးငယ်တွေရဲ့ ပညာရေးနဲ့ အခွင့်အလမ်းတွေအတွက် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ပေးနေတဲ့ လူမှုရေးတက်ကြွလှုပ်ရှားသူ တဦးပါ။
၂၀၂၆ ခုနှစ် ထိုင်းမယ်ကမ္ဘာ နောင့်နမ့်ဖိန့်ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းကနေ ရွှေ့ပြောင်းလာတဲ့ မိဘနှစ်ပါးကနေ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်မှာ မွေးဖွားခဲ့သူ ဖြစ်ပြီး ငယ်စဉ်က မွေးစာရင်းမရှိခဲ့တာကြောင့် "နိုင်ငံမဲ့ကလေးငယ်" ဘဝနဲ့ ကြီးပြင်းလာသူတယောက်ပါ။
လက်ရှိ ချင်းမိုင်တက္ကသိုလ်ကနေ ဆေးသိပ္ပံနည်းပညာဘာသာရပ်နဲ့ ဘွဲ့ရရှိထားသလို လက်ရှိမှာလည်း ပြည်သူ့အုပ်ချုပ်ရေးမဟာတန်း (MPA) ကို ဆက်လက်တက်ရောက်နေပါတယ်။











