
ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ Miss World Thailand 2016 အလှမယ်ပြိုင်ပွဲမှာ သရဖူဆွတ်ခူးရရှိခဲ့တဲ့ နောင့်နမ့်ဖိန့်(ခ)ကန်ထိဒါးတေချ်ဖတ်ထနားကွန်း ကို ချင်းမိုင်အသိုက်အဝန်းက ခမ်းနားစွာ ဂုဏ်ပြုကြိုဆိုကြမယ်လို့ ချင်းမိုင်လူမှုကွန်ရက်သတင်းတွေမှာ ဖော်ပြပါတယ်။
MWT 2026 အလှမယ် နမ့်ဖိန့် ဟာ မေ ၂၂ ရက် ညနေပိုင်းမှာ ဘန်ကောက်ကနေ လေယာဉ်နဲ့ ထွက်ခွာလာပြီး ညနေ ၃ နာရီအချိန် ချင်းမိုင်နိုင်ငံတကာလေဆိပ်ကို ရောက်ရှိ လာမှာဖြစ်ပြီး သူ့ရဲ့ အပေါင်းအသင်း၊ မိသားစု ဆွေမျိုး၊ ချင်းမိုင် တက္ကသိုလ်အသိုက်အဝန်းအပြင်လူမှုအဖွဲ့အစည်းကပါ တခမ်းတနား သွားရောက်ကြိုဆိုဖို့ ရှိနေတာ ဖြစ်ပါတယ်။
အလှမယ် နမ့်ဖိန့်ရဲ့ ပရိသတ်တွေအနေနဲ့လည်း လေဆိပ်မှာ အတူလာရောက်ကြိုဆို ဂုဏ်ပြကြဖို့ နှိုးဆော်ထားပါတယ်။
ချင်းမိုင် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းအနေနဲ့လည်း ချင်းမိုင်က ရှမ်းအသိုက်အဝန်းတွေနဲ့ ပူးပေါင်း ပြီး မေ ၂၃ ရက် စနေနေ့မှာ ဂုဏ်ပြုပွဲတရပ်ကျင်းပဖို့ ရှိတယ်လို့ စာပေယဉ်ကျေးမှုအဖွဲ့ဝင် စိုင်းမောင်းက DVB ကို ပြောပါတယ်။
“သူက မာနမကြီးဘဲ သူ့ကိုယ်သူ နိုင်ငံမဲ့တစ်ယောက်ဖြစ်ခဲ့တဲ့အကြောင်း စင်မြင့်ပေါ်မှာ ပြောခဲ့တယ်။ သူဟာ ချင်းရိုင်းတောင်ပေါ်က ရှမ်းတိုင်းရင်းသူတယောက်ပါလို့ ရိုးသားစွာ ပြောတယ်။ ဒါတွေ ကြောင့် သူ့ကို ဆုမရခင်ကတည်းက လေးစားပြီးသားပါ။ ပြိုင်ပွဲနောက်ဆုံးနေ့မှာ ထိုင်းတနိုင်ငံလုံးရဲ့ အလှမယ်ဆု ကြေညာတော့ အကုန်လုံးဝမ်းသာကြတယ်။ ဒါကြောင့် ဂုဏ်ပြုပွဲလုပ်ဖို့ စီစဉ်လိုက်တာပါ။”
အဆိုပါဂုဏ်ပြုပွဲကို မေ ၂၃ ရက် မနက် ၉ နာရီမှ ၁၀ နာရီထိ ချင်းမိုင် ချန့်ဖိုတ်ရပ်ကွက် ဝပ်ကူတောက် ဘုန်းကြီးကျောင်းဝင်းရှိ ရှမ်းစာပေယဉ်ကျေးမှုအသင်းတိုက်မှာ ကျင်းပသွားမှာပါ။
အခမ်းအနားမှာ အလှမယ်နဲ့အတူ လိုက်ပါလာသော အထူးဧည့်သည်တွေကို ရှမ်းရိုးရာ အကတွေ၊ ရိုးရာစားသောက်ဖွယ်စုံနဲ့ ကြိုဆိုဧည့်ခံကျွေးမွေးမယ်။ နမ့်ဖိန့် အနေနဲ့လည်း ချင်းမိုင်က ရှမ်းအသိုက်အဝန်းတွေနဲ့ တွေ့ဆုံချင်နေတယ်လို့ စိုင်းမောင်းက ပြောပါတယ်။
ဂုဏ်ပြုပွဲမှာ ထိုင်းနိုင်ငံဖွား ရှမ်းအသိုက်အဝန်းအပြင် ရှမ်းရွှေ့ပြောင်းအလုပ်သမားအဖွဲ့၊ လူမှုအဖွဲ့အစည်းတွေပါ ရှမ်းတိုင်းရင်းသားဝတ်စုံတွေနဲ့ လာရောက်ကြိုဆိုဖို့ ဖိတ်ခေါ်နှိုးဆော်ထားပါတယ်။
အလှမယ် နမ့်ဖိန့်ဟာ ဒီမတိုင်ခင်ကလည်း MUT CHIANG MAI 2023 အလှမယ်ဆု၊ ချင်းမိုင် ဆောင်းရာသီပွဲတော်မှ ချင်းမိုင်ခရိုင်မယ် MISS CHIANG MAI 2026 ဆုကို ရခဲ့တယ်၊ MISS UNIVERSE THAILAND 2023 ပြိုင်ပွဲမှာတော့ TOP 20 ထဲ ပါဝင်ခဲ့ပြီး၊ ၂၀၂၆ လမ်းပန်းခရိုင် အလှမယ်ပြိုင်ပွဲမှာ တတိယဆုရခဲ့ပါတယ်။
သူ့ရဲ့မိဘတွေဟာ ရှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်ကနေ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်ကို ရွှေ့ပြောင်း နေထိုင်လာပြီး သူ့ကို ချင်းရိုင်းမှာ မွေးဖွားခဲ့တာပါ။ မိဘတွေက ထိုင်းနိုင်ငံသား မဟုတ်တာကြောင့် သူလည်း ထိုင်းမွေးစာရင်းမရှိတဲ့ နိုင်ငံမဲ့ကလေး ဖြစ်ခဲ့ပါတယ်။
အထက်တန်းကျောင်းသူဘဝမှာ ပညာထူးချွန်ပြီး အမေရိကန်နိုင်ငံ လူငယ်သိပ္ပံတီထွင်မှုပြိုင်ပွဲဝင်ဖို့ ရွေးချယ်ခံရတယ်၊ ထိုင်းမှတ်ပုံတင် မရှိတာကြောင့် အမေရိကန်ရဲ့ ပြည်ဝင်ခွင့်ဗီဇာ ၂ ကြိမ် ပယ်ချခံရပါတယ်။ ဒါကြောင့် ထိုင်းတာဝန်ရှိသူတွေက နောင့်နမ့်ဖိန့် ပြိုင်ပွဲဝင်ခွင့်ရရေး နိုင်ငံသားကတ် ထုတ်ပေးပြီး အဆိုပါပြိုင်ပွဲကနေ နိုင်ငံ့ဂုဏ်ဆောင်ဆု ရလာခဲ့ပါတယ်။
Source: Miss World Thailand










