
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၊ မယ်ပရပ်ကွက် ၄ ၊ ဝှေ့ကလိုရွာမှာ မေ ၂၆ ရက် ညနေ ၆ နာရီက အိမ်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အသက် ၄၅ နှစ်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သားတယောက် မျက်နှာမှာ မီးလောင်ဒဏ်ရာ ရရှိသွားပါတယ်။
ရွာထဲက အိမ်နံပါတ်မရှိတဲ့ အိမ်တလုံးရဲ့ နောက်ဖေးဘက်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဲဒီကနေတဆင့် နောက်ထပ်အိမ်တလုံးကိုပါ ကူးစက်လောင်ကျွမ်းခဲ့တာကြောင့် စုစုပေါင်း သစ်သားအိမ် ၂ လုံး မီးထဲပါသွားခဲ့ပါတယ်။
မီးလောင်မှုကို မဲဆောက်မြို့ မီးသတ်တပ်ဖွဲ့က မီးသတ်ကား ၂ စီးနဲ့ လာရောက်ငြှိမ်းသတ်ခဲ့လို့ ည ၇ နာရီဝန်းကျင်မှာ မီးငြိမ်းသွားခဲ့ပါတယ်။
ရွှေ့ပြောင်းမြန်မာလုပ်သားတွေ နေထိုင်တဲ့ ယာယီနေအိမ်တွေမှာ မီးငြှိမ်းသတ်ဖို့အတွက် ကြိုတင်ကာကွယ်ထားတဲ့ ရေ ဒါမှမဟုတ် မီးသတ်ဆေးဘူးတွေ မရှိကြတာကြောင့် မီးလောင်မှုကို အချိန်မီ မငြှိမ်းသတ်နိုင်ဘဲ အခုလို ပြဿနာဖြစ်ပွားခဲ့ရတာလို့ ဆိုပါတယ်။
အခုအခါမှာတော့ ရပ်ကွက်လူကြီးကနေတဆင့် ဒေသဖွံ့ဖြိုးရေးအဖွဲ့တွေ၊ ကြက်ခြေနီအသင်းတွေကို ဆက်သွယ်ပေးခဲ့တာကြောင့် မီးလောင်မှုဒဏ်ခံရတဲ့ အိမ်ရှင်နဲ့ လူနာအတွက် ငွေကြေးတချို့အပြင် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပံ့ပိုးကူညီပေးထားပါတယ်။
ဒါ့အပြင် မီးခိုးနဲ့ မီးစတွေကြောင့် မျက်နှာမှာ ထိခိုက်ဒဏ်ရာရသွားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားကိုလည်း မဲဆောက်မြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။










