
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု မရခဲ့တာနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၉ ရက်က စိတ်ပျက်မကျေနပ်ကြောင်း ထပ်မံပြစ်တင်ပြောဆိုလိုက်ပြီး နိုဘယ်လ်ကော်မတီအခြေစိုက်ရာ နော်ဝေနိုင်ငံအတွက်လည်း ဒါဟာ အလွန်ရှက်စရာကောင်းပြီး ဘာနဲ့မှ ဖျက်လို့မရတဲ့ အမည်းစက် စွန်းထင်းသွားတာပဲလို့ ဝေဖန်ပြောလိုက်ပါတယ်။
ဂါဇာမှာ အစ္စရေးက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ကောက်ချက်ချထားတဲ့ ကုလသမဂ္ဂ အစီရင်ခံစာကို ကြီးကြပ်ခဲ့သူ၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) တရားသူကြီးဟောင်း နာဗီပီလေးကို အခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ပေးလိုက်ပြီလို့ ကြေညာပြီး နာရီပိုင်းအကြာမှာပဲ ထရမ့်ပ်က နော်ဝေကို အပြင်းအထန် ဝေဖန်တိုက်ခိုက်ပြောဆိုခဲ့တာပါ။
နယူးယောက်ပြည်နယ်၊ ဆာရာကျူးစ်မဲဆွယ်ပွဲမှာ ထရမ့်ပ်က ဆုရသွားတဲ့ နာဗီပိလေးကို ကုလသမဂ္ဂမှာ လုပ်နေတဲ့ လစ်ဘရယ်သမား၊ "ဘယ်သူဘယ်ဝါမှန်း မသိရတဲ့သူ" လို့ သမုတ်ခဲ့ပြီး ဒီလူ့အကြောင်း သူ့အပါအဝင် ဘယ်သူမှ လုံးဝမကြားဖူးကြပါဘူးလို့ ပြောခဲ့ပါတယ်။
သူဟာ စစ်ပွဲပေါင်း ၈ ခုကို ငြိမ်းချမ်းအောင် ဖြေရှင်းပေးခဲ့လို့ အဲဒီနိုင်ငံတွေက သမ္မတတွေနဲ့ ဝန်ကြီးချုပ်တွေက နော်ဝေနိုဘယ်လ်ကော်မတီထံ ထောက်ခံစာတွေတောင် ပေးပို့ခဲ့ကြတာမို့ သူဖြေရှင်းခဲ့တဲ့ စစ်ပွဲ ၈ ခုအတွက် နိုဘယ်လ်ဆု ၈ ဆုတောင် ရရှိသင့်တာလို့ အခိုင်အမာ ဆိုပါတယ်။ ဒီကြားထဲ ကုလသမဂ္ဂကလည်း သူ့ကို ဘာမှ ကူညီခဲ့တာမရှိဘဲ သူကိုယ်တိုင်ပဲ ဆောင်ရွက်ခဲ့တာလို့ ပြောသွားတာပါ။
ဆက်လက်ပြီး ရုရှား-ယူကရိန်း စစ်ပွဲကို မကြာခင် မြန်မြန်ဆန်ဆန် ဖြေရှင်းပေးတော့မှာဖြစ်သလို အီရန်အရေးကိုလည်းမကြာခင် နည်းလမ်းတခုခုနဲ့ ရှင်းပစ်မယ်၊ အီရန်အနေနဲ့ မိမိတို့ တောင်းဆိုတာကို ပေးရင်ပေး၊ မပေးရင် တိုင်းပြည်ဆိုတာ ဆက်ရှိတော့မှာ မဟုတ်ဘူးလို့ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ပြောဆိုခဲ့ပါသေးတယ်။
ထရမ့်ပ်ဟာ သမ္မတသက်တမ်းအတွင်း နှစ်စဉ်နှစ်တိုင်းလိုလို နိုဘယ်လ်ဆု မရရှိတာနဲ့ ပတ်သက်ပြီး စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောဆိုလေ့ရှိသူပါ။
အရင်ကလည်း တောင်-မြောက်ကိုရီးယား၊ ဂျပန်-မြောက်ကိုရီးယားနဲ့ တရုတ်-ထိုင်ဝမ်တို့ကြား စစ်ပွဲတွေ မဖြစ်အောင် တားဆီးပေးခဲ့တယ်လို့ ပြောခဲ့ဖူးပြီး အထောက်အထား တစုံတရာ မပြဖူးခဲ့ပါဘူး။
ဒီမိုကရေစီကို ဆန့်ကျင်ပြီး ယဉ်ကျေးမှုအဖွဲ့အစည်းရဲ့ ရန်သူတွေဖြစ်တဲ့ အစွန်းရောက် အယူအဆစွဲကိုင်သူ အနည်းငယ်ကြောင့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုဟာ ထာဝရ သိက္ခာကျသွားခဲ့ပြီဖြစ်လို့ နော်ဝေနိုင်ငံရဲ့ လုပ်ရပ်ကို လုံးဝမမေ့ဘူးလို့လည်း ထရမ့်ပ် က ပြောပါတယ်။
Source: Reuters











