
မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ နေပြည်တော်မှာ ဇွန် ၂၄ ရက်က ငလျင်လှုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုး (NUG) ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနနဲ့ စစ်အာဏာရှင်လက်အောက်ခံ မိုးလေဝသဌာနတို့က ထုတ်ပြန်ပါတယ်။
ထိုင်းမိုးလေဝသဌာနကတော့ ပြင်းအား ၂ ဒသမ ၃၊ ၂ ဒသမ ၅ အပါအဝင် ငလျင် ၁၀ ကြိမ် လှုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇွန် ၂၄ ရက် ည ၁၁ နာရီ ၂၇ မိနစ်လောက်က ရှမ်းပြည်နယ်၊ ဟိုမိန်းမြို့နားမှာ မြေအောက်အနက် ၁၀ ကီလိုမီတာလောက်ကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၄ အဆင့် ငလျင်တခုလှုပ်ခတ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မနက် ၁၀ နာရီ ၂၈ မိနစ်ကလည်း မန္တလေးတိုင်း၊ မန္တလေးမြို့ရဲ့မြောက်ဘက် ၅၄ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ ဒသမ ၃ အဆင့်ငလျင်လှုပ်ခတ်တယ်လို့ ထုတ်ပြန်ပြီး စစ်အာဏာရှင်ရဲ့ မိုးလေဝသဌာနကတော့ ရစ်ခ်တာစကေး ၄ အဆင့်ရှိတယ်လို့ ဆိုပါတယ်။
ညနေ ၃ နာရီ ၃၁ မိနစ်ကလည်း နေပြည်တော် ဥတ္တရသီရိမြို့ရဲ့ တောင်-အနောက်တောင်ဘက် ၂ မိုင်လောက်အကွာမှာ အနက် ၁၁ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ပမာဏ ၃ အဆင့်ရှိတဲ့ ငလျင်တခုလှုပ်ခတ်တယ်လို့ ထုတ်ပြန်ပါတယ်။
ဇွန် ၂၄ ရက် ညနေ ၅ နာရီလောက်က တွံတေးမြို့ရဲ့ တောင်ဘက်အစွန်းနားမှာ အနက် ၁၁ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားပမာဏ ၃ အဆင့်ရှိတဲ့ ငလျင်တခုလှုပ်တယ်လို့ ထိုင်းမိုးလေဝသဌာနက ထုတ်ပြန်ထားပြီး ရန်ကုန်ဒေသခံတချို့ကတော့ ငလျင် ၃ ကြိမ်အထိ လှုပ်ခတ်တာ သိရှိခံစားခဲ့တယ်လို့ ဆိုပါတယ်။










