DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် စက်တင်ဘာကမ်ပိန်းတွင် ကိုထိန်လင်း ပူးပေါင်းပါဝင်မည်
သုတချမ်းသာ
·
August 31, 2026
၂၀၂၄ စက်တင်ဘာ၊ နယူးယောက်မြို့၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲ (Photo : သုတချမ်းသာ)
၂၀၂၄ စက်တင်ဘာ၊ နယူးယောက်မြို့၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲ (Photo : သုတချမ်းသာ)
Donate to DVB

ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ရာထူးတာဝန် ဆက်လက်ထမ်းဆောင်ခွင့်ရရေး ကမ်ပိန်းကာလအဖြစ် စက်တင်ဘာ ၁ လလုံးကို သတ်မှတ်ထားပြီး နိုင်ငံတကာရောက်မြန်မာတွေက သက်ဆိုင်ရာနိုင်ငံတွေကနေ ကမ်ပိန်းဖော်ဆောင်ဖို့ ပြင်ဆင်ထားတယ်လို့ အစီအစဉ်ဦးဆောင်သူတွေက ပြောပါတယ်။ 

ကမ်ပိန်းရဲ့အဓိက အစီအစဉ်အဖြစ် စက်တင်ဘာ ၁၉ ရက်နေ့မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် ချီတက်ဆန္ဒဖော်ထုတ်ပွဲကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်ရှေ့ ကျင်းပသွားမှာဖြစ်ပြီး အမေရိကန်နိုင်ငံတဝန်း မြန်မာတွေ ပူးပေါင်းပါဝင်ကြဖို့ အစီအစဉ်ဦးဆောင်တဲ့ NYCBC က ထုတ်ပြန်ထားပါတယ်။ 

အခုနှစ်ဟာ ဦးကျော်မိုးထွန်းအတွက် စိန်ခေါ်မှုတွေရှိနေတဲ့နှစ် ဖြစ်ပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းက ကမ်ပိန်းတွေမှာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် လူထုထောက်ခံမှု ပိုရလာဖို့ရှိတယ်လို့ ကမ်ပိန်းဦးဆောင်သူတယောက်ဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက ပြောပါတယ်။

“လုပ်ငန်းပိုင်းဆိုင်ရာတွေက တော်တော်များများ ပြီးသင့်သလောက်ပြီးနေပြီပေါ့၊ အားလုံး ကမ်ပိန်းကို အရှိန်အဟုန်နဲ့ ဆက်ပြီးတော့ သွားဖို့ပဲရှိတယ်ပေါ့။ ကျမတို့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်တဲ့ ကိုထိန်လင်း(မစ္စတာ ကင်မ်အဲရစ်) ကနေပြီးတော့မှ​ ကျမတို့နဲ့အတူတူ သံအမတ်ကြီး ဆက်လက်ပြီးတော့ ပြည်သူကို ကိုယ်စားပြုနိုင်ရေး၊ ကမ္ဘာ့ကုလသမဂ္ဂမှာ တာဝန်တွေ ဆက်လက်ထမ်းဆောင်နိုင်ရေးအတွက်ကို အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီပြီးတော့မှ ကမ်ပိန်းမှာ သူတတ်အားသရွေ့ပါဝင်ပြီးတော့၊ ညှိနှိုင်းပြီးတော့မှ သူတောင်းဆိုသွားမယ်၊ ပါဝင်ကူညီပြီးတော့မှ လုပ်ဆောင်သွားမယ်ဆိုတာမျိုးတွေလည်း ကျမတို့တွေကြားသိရတဲ့အတွက် အင်မတန်မှ ဝမ်းသာမိတယ်။ အဘက်ဘက်ကနေပြီးတော့မှ လုပ်ဆောင်နိုင်တဲ့ ခေါင်းဆောင်တွေ ပညာတတ်တွေ စသဖြင့်ပေါ့နော်။ ပြည်သူလူထုအင်အားတွေနဲ့ ဒီကမ်ပိန်းကို အောင်မြင်အောင် ဆက်လက်ပြီးတော့ ချီတက်သွားကြမှာဖြစ်ပါတယ်။”

အဖွဲ့ဝင် ၉ နိုင်ငံပါဝင်တဲ့ ကုလသံတမန်အရည်အချင်းစိစစ်ရေးကော်မတီ (UN Credentials Committee) မှာ အမေရိကန်၊ တရုတ်နဲ့ ရုရှားနိုင်ငံတို့က အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်ပြီး ကျန် ၆ နိုင်ငံ နေရာတွေကတော့ အလှည့်ကျစနစ်နဲ့ ပါဝင်ကြရတာဖြစ်ပါတယ်။ 

ဒီနှစ်မှာ စစ်ခေါင်းဆောင်ကို တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ ပေါ်ပေါ်ထင်ထင် အသိအမှတ်ပြုဆက်ဆံမှုတွေဟာ သံအမတ်ကြီးအတွက် ဖိအားဖြစ်လာတာပါ။ 

စစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာတွေနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရ၊ နိုင်ငံတကာအစိုးရတွေနဲ့ ဒေသတွင်းအာဆီယံနိုင်ငံတွေ၊ အထူးသဖြင့် ထိုင်းနိုင်ငံကို မေးခွန်းထုတ်ဖိအားပေးနိုင်ဖို့ သံအမတ်ကြီးအတွက် ကမ်ပိန်းနဲ့အတူ မြန်မာ့အရေးဆောင်ရွက်သူတွေက ပြင်ဆင်နေကြပါတယ်။

 ဝါရှင်တန်ဒီစီအခြေစိုက် မြန်မာ့အရေးဆောင်ရွက်သူ ကိုရင်အေး က “ထိုင်းနိုင်ငံပေါ့နော်၊ သူက အလွန်အကျွံပေါ့ လိုက်တွေ့နေတယ်။ တခြားနိုင်ငံတွေပါလိုက်တွေ့ပြီးတော့ မင်းအောင်လှိုင်ကို လော်ဘီလိုက်လုပ်ပေးနေတယ်ဆိုတဲ့ အနေအထားရှိတဲ့အတွက်ကြောင့် ထိုင်းကို ကျနော်တို့ Global ဆိုပြီး ဖိအားပေးဖို့ လုပ်ထားတာ၊ အားလုံးသဘောတူထားတာလေးက လာမဲ့ စက်တင်ဘာ ၂ ရက်ကနေ ၇ ရက်နေ့အထိပေါ့နော်၊ ကိုယ့်ဒေသ ကိုယ့်အသီးသီးမှာလည်း အဲ့ဒါလေးတွေ လှုပ်ရှားမှုလေးလုပ်ပြီးတော့ မီဒီယာကိုချိတ်ဆက်ပြီးတော့ တင်မယ်ဆိုလည်း တင်ပေးကြပါ။ အဓိက ၂ ရက်နေ့ကနေ ၇ ရက်နေ့က ဂလိုဘယ်လ်ထိုင်းလှုပ်ရှားမှုပေါ့နော်။ ထိုင်းနိုင်ငံကို ကျွနော်တို့အားလုံး ဝိုင်းတောင်းဆိုကြမယ်။ ဝါရှင်တန်မှာလည်း ကျနော်တို့တောက်လျှောက် လုပ်နေတာ ၂ ခေါက်ရှိပြီ။ ခုလာမဲ့ ၃ ရက်နေ့မှာလည်း ကျနော်တို့သွားကြမယ်၊ သွားပြီးတော့ ကျနော်တို့ ထိုင်းနိုင်ငံကို ထပ်ပြီးတော့ ဖိအားပေးမယ်” လို့ ပြောပါတယ်။

စက်တင်ဘာလမှာ ကျင်းပမဲ့ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ နှစ်စဉ်ဆောင်ရွက်နေကြ လုပ်ငန်းစဉ်အတိုင်း သံတမန်အရည်အချင်း စိစစ်ရေးကော်မတီ (Credentials Committee) က နိုင်ငံအသီးသီးကို ကိုယ်စားပြုတဲ့ သံတမန်တွေဟာ ကုလရဲ့သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိမရှိ ပြန်သုံးသပ်တော့မှာပါ။

သံအမတ်ကြီးဦးကျော်မိုးထွန်း ရာထူးတာဝန်ဆက်ထိန်းထားနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်နေရာအနီးမှာ အဓိက ကမ်ပိန်းပြုလုပ်မှာဖြစ်ပြီး ဥရောပ၊ အာရှ၊ ဩစတြေးလျနဲ့ နိုင်ငံတကာရောက်မြန်မာတွေက ကမ်ပိန်းတွေ ဆက်တိုက်ဖော်ဆောင်သွားမှာဖြစ်ပါတယ်။

စစ်အာဏာရှင်ဘက်ကလည်း သံအမတ်ကြီးဦးကျော်မိုးထွန်း တာဝန်ထမ်းဆောင်တာ၊ အလုပ်လုပ်ကိုင်တာတွေကို အနှောင့်အယှက်ပေးတာတွေ ဆက်တိုက်ပြုလုပ်နေပြီး သူတို့ရဲ့ ကိုယ်စားလှယ်ကို အစားထိုးတင်သွင်းနိုင်ဖို့ ကြိုးစားနေပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013