
ဆယ်စုနှစ်များစွာအတွင်း ကာကွယ်ရေးပို့ကုန်စည်းမျဉ်းတွေကို အကြီးမားဆုံးပြင်ဆင်ပြီးတဲ့နောက် ဂျပန်အစိုးရက ဖိလစ်ပိုင်နိုင်ငံဆီ ဖျက်သင်္ဘောတွေနဲ့ TC-90 လေယာဉ်တွေကို စောစောလွှဲပေးဖို့ စဉ်းစားနေတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက မေ ၅ ရက်မှာ ပြောပါတယ်။
ဝန်ကြီး ကိုအီဇူမီက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ဆီ သွားရောက်လည်ပတ်ချိန် သတင်းစာ ရှင်းလင်းပွဲမှာ ခုလို ပြောလိုက်တာပါ။
ကာကွယ်ရေးပစ္စည်းလွှဲပြောင်းရေးအတွက် မူဘောင်အသစ်တခုအောက်မှာ ကာကွယ်ရေး နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမြှင့်တင်ဖို့ ဂျပန်နဲ့ သဘောတူခဲ့တယ်လို့လည်း သူက ပြောပါတယ်။
ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီယိုဒိုရိုက နှစ်ဖက်စလုံးဟာ လွှဲပြောင်းနဲ့ ပတ်သက်လို့ မူအားဖြင့် သဘောတူခဲ့ပြီး အသေးစိတ် အချက်အလက်တွေကို ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
ဝန်ကြီးတွေက လွှဲပြောင်းမှုအတွက် အချိန်ဇယားကို မပေးခဲ့ဘဲ နောက်ဆုံးမှာ ပစ္စည်း လွှဲပြောင်း ပေးအပ်ဖို့ မူဝါဒနဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လိုအပ်ချက်တွေကို ရေးဆွဲဖို့ လုပ်ငန်းအဖွဲ့တခု ဖွဲ့စည်းရေး သဘောတူခဲ့တယ်လို့ ပြောပါတယ်။
ဂျပန်နဲ့ ဖိလစ်ပိုင်တို့ဟာ အမေရိကန်ရဲ့ အဓိကမဟာမိတ်တွေဖြစ်ပြီး အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တွေမှာ တရုတ်နိုင်ငံနဲ့ ရေကြောင်းဆိုင်ရာ အငြင်းပွားမှုတွေအတွင်း ပိတ်မိ နေကြပါတယ်။
Source:Reuters











