DVB Logo
Home
Lead Story
အာဆီယံ အထူးသံတမန်ရဲ့ မြန်မာပြည်ခရီးစဉ် ဘာထူးမလဲ 
စိုးသူအောင်
·
October 29, 2026
Photo: MOFA-Myanmar
Photo: MOFA-Myanmar
Donate to DVB

အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာလာဇာရို ဦးဆောင်တဲ့အဖွဲ့ဟာ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေဆီ လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်ဖို့ အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိ  မြန်မာနိုင်ငံမှာ  ရောက်ရှိနေတယ်လို့ စစ်အာဏာရှင် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

အထူးကိုယ်စားလှယ်နဲ့ အဖွဲ့ဟာ  မနေ့နက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာပြီး AHA Centre မှ ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့ရှိ အာဆီယံသံရုံးတွေက သံတမန်တွေပါဝင်တဲ့ အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့ (AMT)နဲ့ အတူ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ကိုသွားရောက်ခဲ့တယ်လို့ဆိုပါတယ်။

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ စိန့်ဖော်စတီနာနိုဗီရှိတ် ဘုရားကျောင်းနဲ့ တောင်ကြီးမြို့နယ်၊ ညိုမီးဘုရားကုန်းကျေးရွာတွေမှာ AHA Centre မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ အကူအညီနဲ့ ပေးအပ်တဲ့ ဆန်၊ မိသားစုသုံးပစ္စည်းနဲ့ တကိုယ်ရည်သုံးပစ္စည်းတွေကို  အကူအညီလိုအပ်နေသူတွေထံ ထောက်ပံ့ပေးအပ်နေတာကို  လေ့လာကြည့်ရှုခဲ့တယ်လို့ဆိုပါတယ်။

ဒီနောက် ညနေပိုင်းမှာ တောင်ကြီးမြို့မှကနေ နေပြည်တော်ကိုဆက်လက်သွားရောက်ကာ စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီခရီးစဉ်အတွင်းတောင်ကြီးမြို့ကို အရင်သွားရောက်ပြီးနောက် ရှမ်းမြောက်နဲ့ ကရင်ပြည်နယ်တွေဆီ လည်း ဆက်လက်ထွက်ခွာမယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ စစ်အာဏာရှင်ရဲ့ ခွင့်ပြုချက်မပါဘဲ လွတ်လပ်စွာ ကူညီခွင့်ရမှာ မဟုတ်တဲ့အပြင် ဒီခရီးစဉ်ကို စစ်အုပ်စုက နိုင်ငံရေးအရ အသုံးချသွားနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ထောက်ပြပါတယ်။

“အသွင်ပြောင်းအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ဒေသတွေမှာ ကူညီကယ်ဆယ်ရေးအတွက် အဆင်ပြေနိုင်ပေမဲ့ စစ်အုပ်စု၊ အသွင်ပြောင်းအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိတဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုတွေကို ကူညီကယ်ဆယ်ရေး ထောက်ပံ့ကူညီရေး လုပ်ဖို့အတွက် ဆိုရင်တော့ ကန့်သတ်မှု အများကြီးရှိနိုင်တယ်။ တကယ်တမ်း လိုတဲ့သူတွေဆီ ရောက်ဖို့၊ တကယ် စစ်ဘေးရှောင်နေရတဲ့သူတွေဆီ ရောက်ဖို့ ဆိုတာကတော့ ဖြစ်နိုင်ခြေ နည်းတယ်၊ ကန့်သတ်မှုတွေ များတယ်လို့ ပြောလို့ရပါလိမ့်မယ်ခင်ဗျ။”

AHA Centre ဟာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) နဲ့ ပူးပေါင်းပြီး ထိခိုက်ခံစားရတဲ့ ဒေသခံပြည်သူတွေဆီ စားနပ်ရိက္ခာတွေနဲ့ အဓိကလိုအပ်တဲ့ လူသုံးကုန်ပစ္စည်းတွေကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလအထိ ဆက်လက်ထောက်ပံ့ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

ဒါဟာ ရှမ်းပြည်နယ်မြောက်ပိုင်းကို AHA Centre ရဲ့ ပထမဆုံးအကြိမ် လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့ဖြန့်ဝေတာ ဖြစ်တယ်လို့ဆိုပါတယ်။

အာဆီယံ အထူးသံတမန်ရဲ့ အခုခရီးစဉ်ဟာ ၂၀၂၆ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန် ပြီးဆုံးလို့ စင်ကာပူနိုင်ငံဆီ ဥက္ကဋ္ဌတာဝန် မလွှဲပြောင်းမီ ဖိလစ်ပိုင်ရဲ့ သက်တမ်းအတွင်း မြန်မာ့အရေးကို အတိုင်းအတာတခုအထိ ရှေ့တိုးဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းချက်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် လာမဲ့ နိုဝင်ဘာလ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အတည်ပြုဖို့ ပြင်ဆင်နေတဲ့ ဘုံသဘောတူညီချက် ၅ ချက်ဆိုင်ရာ စံနှုန်းသတ်မှတ်ချက်တွေအတွက် မြေပြင်အခြေအနေကို စစ်ဆေးသုံးသပ်ဖို့ သွားရောက်တာ ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။

အာဆီယံအရေးကျွမ်းကျင်သူ ကိုဝင်းမင်းက “ဒီ အာဆီယံ Five-Point Consensus ရဲ့ စံနှုန်းသတ်မှတ်တာတွေကို ဆွဲတဲ့အခါမှာ အ‌သေးစိတ် အချက်အလက်တွေ ပြင်ဆင်ရေးဆွဲနေတာ ဖြစ်တယ်ပေါ့။ အဲဒီ ရေးဆွဲနေတဲ့ အကြောင်းအရာတွေကို အခုလာမဲ့ နိုဝင်ဘာ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ ပြင်ဆင် တင်ပြသွားဖို့ ရှိတယ်။ အဲဒီမှာ အသေအချာ ရေးထည့်နိုင်ဖို့အတွက် အထူးကိုယ်စားလှယ်အနေနဲ့ဆိုရင် လက်ရှိ ပြည်တွင်းမှာဆိုရင် နိုင်ငံရေးပြောင်းလဲမှုတွေ လုပ်နေပြီလို့ စစ်ကောင်စီက ပြောကြားခဲ့တဲ့ဟာတွေက ဘာတွေ ပြောင်းလဲနေတာလဲ၊ အမှန်တကယ်ပဲ လူသားစာနာမှုတွေကို လွတ်လပ်စွာ လုပ်ဆောင်ခွင့် ပေးနေသလား၊ အစရှိသဖြင့် ဒါတွေကို သုံးသပ်နိုင်ဖို့ အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးနိုင်ဖို့အတွက် ပြင်ဆင်ရေးခရီးစဉ် အနေနဲ့ သွားတယ်လို့ ကျနော်ကတော့ နားလည်ထားပါတယ်ခင်ဗျ” လို့‌ ပြောပါတယ်။

အထူးသံတမန်ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း အကျဉ်းချခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ရှိ၊ မရှိကိုတော့ အောက်တိုဘာ ၂၈ ရက်အထိ မသိရသေးပါဘူး။

ဒါပေမဲ့ အောက်တိုဘာ ၂၂ ရက်နေ့မှာ သားဖြစ်သူ ကင်မ်အဲရစ်နဲ့ မိနစ် ၂၀ ကြာ ဖုန်းပြောဆိုခွင့် ပြုခဲ့တာကြောင့် လာဇာရိုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ခြေရှိတယ်ဆိုပြီး သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်အာဏာရှင်နဲ့နီးစပ်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က အခုလို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့သားကိစ္စ ထုတ်ပြန်လာတဲ့သဘောက ဒါနဲ့ပတ်သက်လို့လည်း ဖြေလျှော့လာမဲ့ သဘောရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်ကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက အပြည့်ရှိသွားပြီလေ။ အပြည့်ရှိသွားပြီဆိုတော့ သံခင်းတမန်ခင်းအရပဲ သူ အမည်ရအောင် လုပ်မှာပေါ့နော်။ ဒါကြောင့်မို့လို့ လာတွေ့တဲ့အခါမှာတော့ အခြေအနေတွေက အရင်ထက်စာရင်တော့ ပိုပြီးတော့ ကောင်းသွားပြီးတော့ သူတို့လိုချင်တဲ့အပိုင်းကိုလည်း ရောက်လာမယ်။ ဒါကလည်း အာဆီယံထိပ်သီး ဘာညာနဲ့လည်း နီးစပ်လာတဲ့အခါကျတော့ မူဝါဒ ပေါ်လစီပိုင်းမှာလည်း အပြောင်းအလဲတွေဖြစ် ဖန်တီးလာနိုင်တယ်လို့ ကျနော်တို့က အကောင်းဘက်ကနေ မြင်ပါတယ်လို့ အဲလောက်ပါပဲ။”

ဒါ့အတူ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ အဖွဲ့ဟာ စစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

လာမဲ့ နိုဝင်ဘာ ၁၆ ရက်မှာတော့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ အာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပဖို့ရှိနေပြီး ၂၀၂၇ ခုနှစ်မှာတော့ အာဆီယံဥက္ကဋ္ဌတာဝန်ကို စင်ကာပူနိုင်ငံက လွှဲပြောင်းရယူဖို့ ရှိနေပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013