မဲခေါင်မြစ်ထဲ ငါးများတွင် အဖုအကြိတ်အနာတွေ့၊ ထိုင်းဒေသခံများ၌ အာဆင်းနစ်ဓာတ် မြင့်မားနေဟု စစ်ဆေးတွေ့

ထိုင်းဓာတ်ခွဲခန်းရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ ထိုင်းအရှေ့မြောက်ပိုင်း၊ နောင်ခိုင်ခရိုင်က ဒေသခံ ၁၇ ယောက်ရဲ့ ဆီးနမူနာတွေထဲမှာ ဘေးကင်း သတ်မှတ်စံချိန်ထက် ကျော်လွန်နေတဲ့ အာဆင်းနစ်ဓာတ်တွေ တွေ့ရှိသလို တံငါသည်တွေကလည်း မဲခေါင်မြစ်ထဲက ငါးတွေမှာ အဖု အကြိတ်တွေ အနာတွေ ပေါက်နေတာကို တွေ့ရတယ်လို့ ပြောပါတယ်။
ဒါကြောင့် ဒေသခံပြည်သူတွေကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတယ်လို့ Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မဲခေါင်မြစ်ထဲမှာ အာဆင်းနစ်ဓာတ်အပါအဝင် အဆိပ်သင့်ဓာတုဓာတ်တွေ ညစ်ညမ်းနေတာကို စစ်ဆေးတွေ့ရှိခဲ့ရတာဟာ မြစ်ဝှမ်းတလျှောက်က ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း တွေကို ထိခိုက်စေတယ်၊ ဘာကြောင့်လဲဆို နောင်ခိုင် တခရိုင်လုံးက ပြည်သူတွေဟာ သူတို့ အလုပ်အကိုင်နဲ့ စားဝတ်နေရေးအတွက် အဲဒီမြစ်ကို မှီခိုအားထားနေရတာ ဖြစ်တယ်လို့ ဆိုတယ်။
ဥဒွန်းဌာနီ သဘာဝပတ်ဝန်းကျင်နဲ့ ညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာ လတွင်း မဲခေါင်မြစ်ရေထဲက အာဆင်းနစ်ပါဝင်မှုနှုန်းမှာ ဆန်ခွမ်မြို့နယ်အပိုင်းမှာ တလီတာကို ၀ ဒသမ ၀၁၁ မီလီဂရမ်၊ နောင်ခိုင်မြို့နယ်အပိုင်းမှာ တလီတာကို ၀ ဒသမ ၀၁ မီလီဂရမ်နဲ့ ဖွန်းဖိ ဆိုင်မြို့နယ်အပိုင်းမှာ တလီတာကို ၀ ဒသမ ၀၁၂ မီလီဂရမ် အသီးသီးရှိခဲ့တယ်လို့ ဆိုပါတယ်။
ရောဂါထိန်းချုပ်ရေးဦးစီးဌာန လက်အောက်ခံနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရောဂါများဌာနခွဲဟာ နောင်ခိုင်ခရိုင်၊ နောင်ခိုင်မြို့နယ် ဟတ်ခမ်းနဲ့ ဟင်ငွမ် တိုက်နယ်ရှိ ဒေသခံတွေရဲ့ နမူနာပေါင်း ၁,၆၄၄ ခုကို စိစစ်ပြီး အန္တရာယ်ရှိနိုင်ခြေကို အကဲဖြတ်ခဲ့ကြတယ်။ အဲဒီထဲက လူပေါင်း ၁၇ ယောက်ရဲ့ ဆီးနမူနာတွေကို ဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးတာမှာ သူတို့တွေဟာ အလယ်အလတ် ကနေ အမြင့်ဆုံး အန္တရာယ်ရှိတဲ့အဆင့်ကို ကျရောက်နေတာကို စစ်ဆေးတွေ့ခဲ့ပါတယ်။
သူတို့ ၁၇ ယောက်ရဲ့ ဆီးထဲမှာ စုစုပေါင်းအာဆင်းနစ်ပါဝင်မှုပမာဏဟာ သတ်မှတ်ထားတဲ့ စံနှုန်းဖြစ်တဲ့ တလီတာကို ၁၀၀ မိုက်ခရိုဂရမ်ထက် ကျော်လွန်နေတယ်၊ သူတို့ကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးတာ၊ သွေးဆဲလ်အရေအတွက်နဲ့ အသည်းလုပ်ဆောင်ချက်တွေ၊ တခြားကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဖို့ နောင်ခိုင်ဆေးရုံကို လွှဲပြောင်းပေးပို့ထားတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
မဲခေါင်မြစ်ထဲကို စီးဆင်းတဲ့ နမ့်ခုတ်မြစ်၊ မယ်ဆိုင်မြစ်နဲ့ နမ့်ဟုတ်မြစ်တွေထဲမှာလည်း အာဆင်းနစ် တင်မကဘဲ ပြဒါးဓာတ်၊ ခဲသတ္တုဓာတ်နဲ့ ကက်ဒမီယံဓာတုအကြွင်းအကျန်ဓာတ်တွေဟာ မနှစ်ကထက်စာရင် ဘေးကင်းမှုစံချိန် ၁၅ ဆ မြင့်လာတယ်လို့ ထိုင်းလယ်ယာစိုက်ပျိုးရေးနဲ့ သမဝါယမဝန်ကြီး နိုင်းဆူရိယကျင်ရုန့်ရိန်းကစ်က သတင်းထောက်တွေကို ပြောပါတယ်။
မယ်ဖာ့လုံတက္ကသိုလ် လူမှုဆန်းသစ်တီထွင်မှုဘာသာဆိုင်ရာ နိုင်ငံတကာဖွံ့ဖြိုးရေးပညာရှင် ဒေါက်တာ ဆိပ်စကွန်းကစ်ကျနုကွန်းကလည်း ချင်းမိုင်ခရိုင်၊ မဲ့အိုင်းမြို့နယ်၊ ထာ့ဒွန်းတိုက်နယ်ရှိ နမ့်ခုတ်မြစ်ဝှမ်းမှာ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ ၂၄ မျိုးမှာ အာဆင်းနစ်၊ ခဲနဲ့ ကက်ဒမီယံဓာတ်တွေ သတ်မှတ်ထားတဲ့ စားသုံးရန်ဘေးကင်းမှုစံနှုန်းထက် ကျော်လွန်တွေ့ရှိခဲ့တယ် လို့ ဆိုပါတယ်။
အဆိုပါစစ်ဆေးချက်ကို ခရိုင်စိုက်ပျိုးရေးသုတေသနဌာနက ၂၀၂၅ ဒီဇင်ဘာလက စတင် ဆောင်ရွက်ခဲ့တယ်၊ အဆိုပါသီးနှံတွေထဲမှာ ခရမ်းသီး၊ သခွါးသီး၊ ဗူးသီး၊ သရက်သီး၊ ကြက်သွန်ဖြူ၊ ပဲသီးအမျိုးမျိုး၊ ကန်စွန်းဥ၊ ပြောင်းဖူး၊ ငရုတ်သီးနဲ့ ဂေါ်ဖီထုတ် စတာတွေပါဝင်ပြီး အဲဒီသီးနှံတွေကို ပြည်တွင်းမှာ ဖြန့်ဖြူးခဲ့တဲ့အပြင် မလေးရှားနဲ့ စင်ကာပူနိုင်ငံကိုလည်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မယ်ဆိုင်နဲ့ နမ့်ဟုတ် မြစ်ဝှမ်းဒေသမှာ အဆိုပါမြစ်ရေသွင်းပြီး စိုက်ပျိုးတဲ့စပါးစေ့ တချို့မှာ လည်း အာဆင်းနစ်ဓာတ် သတ်မှတ်စံနှုန်းထက် ကျော်လွန်တာကို တွေ့ရှိတယ်၊ အဲဒီဒေသမှာ စပါးစိုက်ဧရိယာ စုစုပေါင်း ၁၁၉,၂၂၃ ရိုင် ( ဧက ၅၀, ၀၀၀ ကျော် ) ရှိတာကြောင့် လယ်သမားတွေ ဟာ နောက်နှစ်နွေစပါးစိုက်ပျိုးဖို့အရေး စိုးရိမ်ပူပန်နေရတယ်။
ဒါကြောင့် ထိုင်းစိုက်ပျိုးရေးနဲ့ သမဝါယမဝန်ကြီးဌာနအနေနဲ့ မြေဆီလွှာ၊ စိုက်ပျိုးရေးထုတ်ကုန်နဲ့ ရေနေသတ္တဝါတွေမှာ အဆိပ်အတောက်ပါဝင်မှု စနစ်တကျစစ်ဆေးဖို့၊ ထိခိုက်နစ်နာတဲ့ လယ်သမား တွေကို ထောက်ပံ့ကူညီဖို့၊ ညစ်ညမ်းစိုက်ပျိုးမြေတွေ ပြန်လည်ပြုပြင်ဖို့၊ အဆိပ်သင့်မြစ်ရေ အစားထိုး ရေအရင်းအမြစ်တွေ ရှာဖွေပေးဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်က သက်ဆိုင်ရာ အဖွဲ့အစည်း တွေဆီ အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့ တောင်းဆိုခဲ့ပါတယ်။
ဒီလို မြစ်ရေတွေ ၊ မြေဆီလွှာတွေ အဆိပ်သင့်ရတဲ့ အဓိက အကြောင်းရင်းမှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ UWSA ‘ဝ’ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေထဲမှာ တရုတ်ကုမ္ပဏီတွေက မြေရှားသတ္တု အပါအဝင် ရွှေနဲ့ သတ္တုတူးဖော်ရေးတွေ အလွန်အမင်းဆောင်ရွက်နေတာကြောင့်လို့ ထိုင်းနိုင်ငံ မြစ်ကြီး ၄ သွယ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နဲ့ သဘာဝဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၊ လူမှုအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
နယ်စပ်ဖြတ်ကျော် မြစ်ရေတွေမှာ ဓာတုညစ်ညမ်းမှုပြဿနာဖြေရှင်းဖို့ ထိုင်းအစိုးရနဲ့ မြန်မာ စစ်အာဏာရှင်အစိုးရတို့ သဘောတူထားပေမဲ့ ဒီပြဿနာမှာ အဓိကက တရုတ်ကုမ္ပဏီတွေ ဖြစ်လို့ တရုတ်အစိုးရနဲ့ပါ ဆွေးနွေးဖြေရှင်းဖို့ လိုအပ်ကြောင်း ထိုင်းလူမှုအခြေပြု အဖွဲ့အစည်းတွေ က တောင်းဆိုထားပါတယ်။
Source: Khaosod / ThaiPBS / Transborder News











