
မဲခေါင်မြစ်ရေဟာ ကမ်းပါးတွေကို လျှံတက်လာခဲ့လို့ နခွန်ဖနုမ်မြို့ရှိ ထိုင်း-လာအို နယ်စပ် ကုန်သွယ်ရေးဈေးမှာ ရေကြီးနေတယ်လို့ Khaosod ထိုင်းသတင်းမှာဖော်ပြပါတယ်။
ဩဂုတ် ၁၂ ရက်မှာ မြို့ရဲ့ ရေမှတ်မှာ ၁၁ ဒသမ ၉၈ မီတာသို့ ရောက်ရှိခဲ့ရာ စိုးရိမ်ရေမှတ်ထက် ၂ စင်တီမီတာလောက်ပဲ လိုတော့ပြီး မွန်းလွဲပိုင်းမှာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိသွားနိုင်တယ်လို့ သတိပေးထားပါတယ်။
မဲခေါင်မြစ်ရေ မြို့အတွင်းသို့ နောက်ပြန်စီးဝင်မှုကို တားဆီးနိုင်ဖို့ အဓိက ရေစုပ်စက်ရုံတွေရှိရာ ရေတံခါး ၄ ခုလုံးကို ပိတ်ထားဖို့ နခွန်ဖနုမ် စည်ပင်သာယာရေး အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။
ဘိန်းခန်ခရိုင်နဲ့ လာအိုနိုင်ငံဘက်ကနေ စီးဆင်းလာတဲ့ ရေကျဆင်းမှုကြောင့် နခွန်ဖနုမ်မြို့နဲ့ ၂၈ ကီလိုမီတာလောက် ဝေးတဲ့ ဘန်ကလောင်ကျေးရွာအုပ်စုရှိ မြစ်ကမ်းဘေး စိုက်ပျိုးရေးဧရိယာတွေပါ ရေလွှမ်းမိုးခဲ့သလို ငှက်ပျော၊ ဝါးနဲ့ အုန်းမွှေး စိုက်ခင်း ဧက ၁၀၀ ကျော် ရေနစ်မြုပ်ခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ယာယီနယ်စပ်ကုန်သွယ်ရေး ဧရိယာနဲ့ OTOP ကုန်ပစ္စည်း အရောင်းဆိုင် အဆောက်အအုံတွေနဲ့ လမ်းတွေလည်း ရေဘေးကြောင့် ထိခိုက်ခဲ့ရသလို ဈေးသည်တွေအနေနဲ့လည်း ပစ္စည်းတွေကို အချိန်မီ မရွှေ့ပြောင်းနိုင်ခဲ့လို့ ရေထဲ မျောပါသွားခဲ့ရပါတယ်။
အခြေအနေတွေ ပုံမှန်အတိုင်း ပြန်မရောက်မီအထိ အထူးဂရုစိုက်ဖို့ လိုအပ်ကြောင်းနဲ့ မဲခေါင်မြစ်ရေ ဆက်လက်မြင့်တက်နေကြောင်း နခွန်ဖနုမ်မြို့တော်ဝန်က သတိပေးထားပါတယ်။
Source: Khaosod











