DVB Logo
Home
Lead Story
မဲခေါင်ဒေသ ရေဘေးဆိုးကြုံနေချိန် စီးပွားရေးနှင့် ပဋိပက္ခများကြောင့် အခြေအနေ ပိုမိုဆိုးရွားလာ
DVB
·
August 21, 2026
မဲခေါင်ဒေသ ရေဘေးဆိုးကြုံနေချိန် စီးပွားရေးနှင့် ပဋိပက္ခများကြောင့် အခြေအနေ ပိုမိုဆိုးရွားလာ
Donate to DVB

မြန်မာနဲ့ လာအိုနိုင်ငံတွေမှာ ရေကြီးရေလျှံမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပါတယ်။ ဒီအတွက် လူသောင်းနဲ့ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ တချိန်တည်းမှာပဲ မဲခေါင်မြစ်တလျှောက်က ထိုင်းတောင်သူလယ်သမားတွေလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်နေကြပါတယ်။ မိုးဆက်တိုက် ရွာသွန်းနေတဲ့အတွက် ရုတ်တရက် ရေကြီးနိုင်တယ်လို့ အာဏာပိုင်တွေကလည်း သတိပေးထားကြပါတယ်။

နှစ်စဉ် မိုးရာသီရောက်တိုင်း ဒီဒေသတဝိုက်မှာ အကြီးအကျယ် ရေကြီးလေ့ရှိပါတယ်။ ဒါပေမဲ့ အခုလို ပျက်စီးဆုံးရှုံးမှုတွေ ပိုဆိုးလာရတာဟာ အကြောင်းရင်းတွေ ရှိတယ်လို့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။ ရာသီဥတု ဖောက်ပြန် ပြောင်းလဲလာတာနဲ့ သစ်တောတွေ ပြုန်းတီးလာတာတွေက အဓိကအကြောင်းရင်းတွေ ဖြစ်ပါတယ်။

ဒါ့အပြင် မဲခေါင်မြစ်လို ပင်မမြစ်ကြီးတွေနဲ့ မြစ်လက်တက်တွေပေါ်မှာ တည်ဆောက်ထားတဲ့ ဆည်တွေကြောင့်လည်း ပါဝင်ပါတယ်။ ဒီဆည်တွေက သဘာဝရေစီးကြောင်းနဲ့ ရေနုတ်မြောင်းစနစ်တွေကို ပြောင်းလဲပစ်လိုက်တာကြောင့် အခုလို ပိုမိုဆိုးရွားလာရတာ ဖြစ်ပါတယ်။

ထိုင်းရုပ်သံသတင်းတွေမှာ လာအိုနိုင်ငံက ရုပ်သံမှတ်တမ်းတချို့ ပျံ့နှံ့နေပါတယ်။ (ဒီရုပ်သံတွေကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။) အဲဒီမှတ်တမ်းတွေအရ ဆည်ရေပိုလွှဲကနေ ရေတွေ အရှိန်အဟုန်နဲ့ ဒလဟော ဆင်းလာတာကို တွေ့ရပါတယ်။ ရေတွေ တက်လာတဲ့အတွက် ဒေသခံတွေဟာ အိမ်ခေါင်မိုးတွေပေါ်မှာ ပုန်းအောင်းနေကြရပါတယ်။ ကယ်ဆယ်ရေးကိုလည်း မျှော်လင့်တကြီး စောင့်ဆိုင်းနေကြရပါတယ်။

လေယာဉ်ပေါ်ကနေ ရိုက်ကူးထားတဲ့ မြင်ကွင်းတွေမှာတော့ ကျယ်ပြောလှတဲ့ မြေနေရာတွေ ရေအောက်ရောက်နေတာကို တွေ့ရပါတယ်။ တောင်တန်းထူထပ်တဲ့ နေရာတွေမှာလည်း ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီအတွက် လမ်းတွေ၊ တံတားတွေ ပျက်စီးကုန်တာကို မြင်တွေ့ရပါတယ်။

လာအိုနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ အဆင်းရဲဆုံး နိုင်ငံတွေထဲက တခုပါ။ လက်ရှိမှာလည်း လနဲ့ချီကြာနေတဲ့ စက်သုံးဆီနဲ့ ငွေကြေးဖောင်းပွမှု အကျပ်အတည်းတွေကို ရင်ဆိုင်နေရပါတယ်။ ဒီအခြေအနေတွေကြောင့် အစိုးရရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေဟာ မလုံမလောက် ဖြစ်နေပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေက ကူညီပေးဖို့ ကြိုးစားပေမဲ့လည်း အခက်ကြုံနေကြပါတယ်။

လာအိုနိုင်ငံ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေဟာ အဆိုးရွားဆုံး ထိခိုက်ခဲ့ပါတယ်။ အဲဒီဒေသတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေဟာ အရင်းအမြစ် နည်းပါးလွန်းလို့ ကြန့်ကြာနေရပါတယ်။ ဒီအကြောင်းကို 'အာရှ၏ ယခုတပတ် (This Week in Asia)' သတင်းဌာနဆီ ဆက်သွယ်လာတဲ့ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးအဖွဲ့တခုက ပြောပြခဲ့တာပါ။

လာအိုဟာ သတင်းမီဒီယာတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီစေတနာ့ဝန်ထမ်းက နာမည်မဖော်လိုဘဲ အခုလို ပြောပါတယ်။ "ပုံမှန်ဆိုရင် ရေကြီးတဲ့ ရာသီတိုင်း တနိုင်ငံလုံးအနှံ့ ကျနော်တို့ ကူညီပေးလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ တောင်ပိုင်းဒေသတွေကို ကယ်ဆယ်ရေးလှေတွေ သွားဖို့ ဆီဖိုးတောင် ကျနော်တို့မှာ မရှိပါဘူး။ စီးပွားရေး ကျဆင်းနေလို့ အစိုးရဌာနတွေ ကိုယ်တိုင်လည်း ကူညီဖို့ ရုန်းကန်နေရပါတယ်" လို့ သူက ဆိုပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း လာအိုလို ကုန်းတွင်းပိတ်နိုင်ငံလေးမှာ စက်သုံးဆီဈေးတွေ မိုးအထိ ထိုးတက်သွားခဲ့ပါတယ်။ တချိန်တည်းမှာပဲ အလှူငွေရရှိမှုတွေလည်း အလွန်နည်းသွားခဲ့တယ်လို့ သူက ရှင်းပြပါတယ်။ မြို့တော် ဗီယင်ကျန်းအနီးက သူတို့ရဲ့စခန်းမှာ ရပ်နားထားရတဲ့ ကယ်ဆယ်ရေးလှေတွေနဲ့ ကားတွေရဲ့ ဓာတ်ပုံတွေကိုလည်း သူက မျှဝေခဲ့ပါတယ်။

တချိန်တည်းမှာပဲ အိမ်နီးချင်း မြန်မာနိုင်ငံမှာလည်း အခြေအနေတွေက ဆိုးရွားနေပါတယ်။ ပြည်တွင်းစစ်ကြောင့် ဝေးလံခေါင်ဖျားပြီး ထိခိုက်လွယ်တဲ့ ပြည်သူတွေအပေါ် ရေကြီးမှုရဲ့ ဆိုးကျိုးတွေ ပိုမိုသက်ရောက်နေပါတယ်။ အဆိုးရွားဆုံး ခံစားရတဲ့ ရပ်ရွာတချို့ဟာ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ ရှိနေပါတယ်။ ဒါကို စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ကတည်းက ရေကြီးမှုတွေကြောင့် လူ ၄၀,၀၀၀ ကျော် ထိခိုက်ခဲ့ရတယ်လို့ မြန်မာအာဏာပိုင်တွေက ဆိုပါတယ်။ အများစုကတော့ မြစ်တွေ ကပ္ပလီပင်လယ်ထဲ စီးဝင်ရာ ဧရာဝတီတိုင်းက ဖြစ်ပါတယ်။ ဒါကြောင့် လူအများအပြား ယာယီကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့ခဲ့ရပါတယ်။

ရေကြီးမှုဟာ ကျေးရွာပေါင်း ၂၂၅ ရွာကျော်ကို ထိခိုက်ခဲ့တယ်လို့ အစိုးရပိုင် မြန်မာ့အလင်း သတင်းစာက ဖော်ပြပါတယ်။ အဲဒီသတင်းထဲမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဦးဆောင်ပေးတဲ့ တပ်မတော်သားတွေကိုလည်း ချီးကျူး ရေးသားထားပါတယ်။

လက်ရှိမှာ သတင်းအချက်အလက် စီးဆင်းမှုတွေ ကန့်သတ်ခံထားရပါတယ်။ ဒါကြောင့် စစ်တပ်ရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အောင်မြင်တယ်ဆိုတဲ့ အတည်ပြုနိုင်တဲ့ သတင်းတွေကတော့ သိပ်မရှိလှပါဘူး။ မြန်မာစစ်တပ်ဟာ အရင်ကတည်းက သူတို့ကိုဆန့်ကျင်တဲ့ ဒေသတွေမှာ သဘာဝဘေးအန္တရာယ်တွေ ကြုံရချိန် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှေးကွေးလေ့ရှိပါတယ်။ ဒါမှမဟုတ် လုံးဝမလုပ်ပေးတာတွေလည်း ရှိခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရဖူးပါတယ်။

မကြာသေးခင်က စံချိန်တင် မိုးရွာသွန်းပြီးနောက် တရုတ်နိုင်ငံက ဆည်တွေကနေ ရေအမြောက်အမြား ဖောက်ချလိုက်ပါတယ်။ ဒါကလည်း လာအိုနိုင်ငံရဲ့ ဒုက္ခတွေကို ပိုမိုဆိုးရွားစေခဲ့တယ်လို့ 'မြစ်များနှင့် အခွင့်အရေးများ (Rivers and Rights)' အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ပိန်ပွန်း ဒီးတက်စ်က ဆိုပါတယ်။ "မြစ်ညာပိုင်းမှာ ဖြစ်ပျက်သမျှက မြစ်အောက်ပိုင်း နိုင်ငံတွေကို မလွဲမသွေ သက်ရောက်မှု ရှိတာပါပဲ" လို့ သူက ပြောပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံ ရှမ်းပြည်နယ်က စည်းကမ်းမဲ့ မြေရှားသတ္တု တူးဖော်ရေး လုပ်ငန်းတွေအကြောင်း သူက သတိပေးခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေကနေ ထွက်လာတဲ့ အဆိပ်သင့် ရွှံ့နွံတွေဟာ ကော့မြစ်နဲ့ ဆိုင်မြစ်တွေကတဆင့် မြစ်အောက်ပိုင်း ထိုင်းနိုင်ငံဆီကို ဝင်ရောက်လာတော့မယ်လို့ ဆိုပါတယ်။ အခု ရေကြီးမှုတွေက "အဆိပ်သင့် နုန်းမြေတွေ" ကို သယ်ဆောင်လာပြီး စိုက်ပျိုးခင်းတွေထဲ ဝင်ရောက်သွားနိုင်တယ်လို့ သူက ထောက်ပြပါတယ်။

မြန်မာနယ်စပ် အနောက်ဘက်ကနေ လာအိုတောင်ပိုင်း အရှေ့ဘက်အထိ စီးဆင်းနေတဲ့ မဲခေါင်မြစ်ကမ်းဘေး တလျှောက်မှာ မြစ်ရေဟာ စိုးရိမ်ရေမှတ်တွေကို ရောက်ရှိနေပါပြီ။ ဒါကြောင့် ကျယ်ကျယ်ပြန့်ပြန့် ရေကြီးလာနိုင်ခြေကို ထိုင်းအာဏာပိုင်တွေက ကြိုတင်ပြင်ဆင်နေကြပါတယ်။

"နောင်ခိုင်နဲ့ ဘွန်းကန်ဒေသရှိ မဲခေါင်မြစ်ဘေးက စပါးခင်းတွေနဲ့ စိုက်ပျိုးမြေတွေ အားလုံး ရေမြုပ်နေပါပြီ" လို့ မဲခေါင်မြစ် ကွန်ရက် အသိုက်အဝန်းရဲ့ ဥက္ကဋ္ဌ အွန်းဘွန်း သစ်ပ်ဆူနာက This Week in Asia ကို ပြောပါတယ်။ နခွန်ဖနုံမှာဆိုရင်လည်း ဒီနှစ်မှာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ရေကြီးမှုကို ရင်ဆိုင်နေရတယ်လို့ သူက ဆိုပါတယ်။

တောင်သူတွေအနေနဲ့ ပျက်စီးသွားတဲ့ မြေတရိုင် (၀ ဒသမ၁၆ ဟက်တာ) ကို ဘတ်ငွေ ၂,၀၀၀ အထိ လျော်ကြေးရနိုင်တယ်လို့ အွန်းဘွန်းက ပြောပါတယ်။

"ဒါပေမဲ့ အဲဒီလျော်ကြေးငွေက တောင်သူတွေ စိုက်ပျိုးရေးမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေကြေးကို ကာမိဖို့ဆိုတာ ဘယ်လိုမှ မလုံလောက်ပါဘူး" လို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။

 အေဒန်ဂျုံးစ်

Ref: South China Morning Post 

(South China Morning Post  သတင်းစာ ဝက်ဘ်ဆိုက်တွင် ဆောင်းပါးရှင် Aidan Jones ရေးသားထားသည့်  “As floods devastate Mekong communities, economic strain, conflict compound crisis” သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013