
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုတွေ ဟာ ဒီနေ့အထိ ဆက်ရှိနေပြီး ဘန်းကပိ၊ ရမ်ခမ်းဟင်၊ လတ်ဖရောင်နဲ့ နဝမင်ဘက်က လမ်းပိုင်း တချို့မှာ ရေအနည်းငယ်သာ ကျသေးတယ်လို့ ရွေ့ပြောင်းလုပ်သားတွေဆီက သိရပါတယ်။
ဘန်းကပိဘက်မှာ လမ်းပေါ်ရေတွေကြောင့် ကားနဲ့ ဆိုင်ကယ်တွေ သွားလာရခက်ခဲနေပြီး ရေထဲကနေ ယာဉ်တွေ ဖြည်းဖြည်းချင်း ဖြတ်သန်းသွားလာနေရပါတယ်။ အချို့လမ်းတွေမှာ ယာဉ်ကြော နှေးကွေးမှုတွေလည်း ဖြစ်နေပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားတယောက်က “မနေ့ကထက်တော့ ရေနည်းနည်းကျလာတယ်။ ဒါပေမဲ့ လမ်းတချို့မှာ ရေမကျသေးတော့ ဆိုင်ကယ်နဲ့ ကားငယ်တွေ သွားလာရတာ အဆင်မပြေသေးဘူး။ ကားအကြီးနဲ့ မြင့်တဲ့ကားပဲ သွားလာလို့ရသေးတယ်။ ရေကျတဲ့နေရာတော့ သန်းရှင်းရေးလုပ်နေကြပြီ။’’ လို့ ပြောပါတယ်။
ရေကြီးမှုကြောင့် လမ်းဘေးဈေးဆိုင်နဲ့ စားသောက်ဆိုင်တချို့လည်း အခက်အခဲရှိနေပြီး ဆိုင်ထဲ ရေမဝင်အောင် ပစ္စည်းတွေကို အပေါ်တင်ထားရပါတယ်။
လက်ရှိမှာ ရေစုပ်ထုတ်တာနဲ့ ရေမြောင်းတွေ ရှင်းလင်းတာတွေ ဆက်လုပ်နေပြီး မိုးထပ်သည်းလာရင် ရေပြန်တက်နိုင်တာကြောင့် ရေကြီးနေတဲ့ လမ်းပိုင်းတွေကို ရှောင်ရှားသွားလာဖို့ ဒေသခံတွေက သတိပေးထားပါတယ်။










