DVB Logo
Home
Lead Story
မြန်မာပြည်ကနေ “ရွှေမည်း” တွေ ဒလဟော ထွက်လာနေပြန်ပြီ
DVB
·
October 3, 2026
Photo: UNODC
Photo: UNODC
Donate to DVB

လာအို၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ဆုံရာ တောင်တန်းဒေသကြီးကို ရွှေတြိဂံဒေသလို့ ခေါ်ကြပါတယ်။ တချိန်တုန်းကတော့ ဒီနေရာဟာ ကမ္ဘာ့ဘိန်းထုတ်လုပ်မှုရဲ့ အဓိက ဗဟိုချက်ပေါ့။ မူးယစ်ရာဇာတွေကတော့ ဘိန်းပင်ကထွက်တဲ့ ဒီအရည်ကို သူတို့ရဲ့ “ရွှေမည်း” လို့ တင်စား ခေါ်ဝေါ်ကြပါတယ်။ ဒါကို သန့်စင်လိုက်တဲ့အခါမှာတော့ ဘိန်းဖြူ (Heroin) ဆိုတဲ့ မူးယစ်ဆေး ဖြစ်လာပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းကဆိုရင် ကမ္ဘာတဝန်းက ဘိန်းခင်း သုံးပုံနှစ်ပုံလောက်ဟာ ဒီဒေသမှာ ရှိခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ အစိုးရတွေရဲ့ နှိမ်နင်းမှုနဲ့ တခြား အပြောင်းအလဲတွေကြောင့် ၂၀၀၆ ခုနှစ် ရောက်တဲ့အခါမှာတော့ ကမ္ဘာ့ တရားမဝင် ဘိန်းထုတ်လုပ်မှုရဲ့ ၅ ရာခိုင်နှုန်းလောက်ပဲ ဒီဒေသမှာ ရှိပါတော့တယ်။

ဒါပေမဲ့ အခုတော့ မြန်မာနိုင်ငံမှာ ရွှေမည်းတွေ ပြန်ခေတ်စားလာပါပြီ။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အဆိုအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ တရားမဝင် ဘိန်းအများဆုံး ထွက်ရှိတဲ့ အဓိကရင်းမြစ် ပြန်ဖြစ်လာတယ်လို့ သိရပါတယ်။ ဒီဘိန်းခင်း အများစုဟာ အရှေ့ဘက်က ရှမ်းပြည်နယ်မှာ ရှိနေတာပါ။

မြန်မာပြည်မှာ ဘိန်းလုပ်ငန်းတွေ ပြန်ခေါင်းထောင်လာရတဲ့ အကြောင်းရင်းတွေထဲမှာ ကမ္ဘာ့တခြားနေရာတွေက အဖြစ်အပျက်တွေကလည်း တစိတ်တပိုင်း ပါဝင်နေပါတယ်။ ဥပမာ - နောက်ထပ် ဘိန်းအများဆုံးထွက်တဲ့ အာဖဂန်နစ္စတန်နိုင်ငံကို ကြည့်လိုက်ရအောင်။ အဲဒီမှာ အုပ်ချုပ်နေတဲ့ တာလီဘန်တွေဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက ဘိန်းစိုက်တောင်သူတွေကို ပုံစံအမျိုးမျိုးနဲ့ ကိုင်တွယ်ခဲ့ပါတယ်။ တခါတလေဆို ဘိန်းလုပ်ငန်းကို တရားဝင်တောင် ခွင့်ပြုပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာ တာလီဘန်တွေ တနိုင်ငံလုံးကို အပြည့်အဝ ပြန်ထိန်းချုပ်နိုင်သွားတဲ့အခါ ဘိန်းစိုက်ပျိုးမှုကို တင်းတင်းပြတ်ပြတ် တားမြစ်လိုက်ပါတယ်။ ဒီလို အာဖဂန်ဘက်မှာ ဘိန်းမထွက်တော့တဲ့အတွက် မြန်မာပြည်က ဘိန်းစိုက်တောင်သူတွေအနေနဲ့ ဈေးပိုကောင်း ရလာတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်တွင်းရေး မတည်ငြိမ်မှုတွေကလည်း ဘိန်းလုပ်ငန်းကို ပိုပြီး ဆွဲဆောင်မှု ရှိလာစေပါတယ်။ “ဒါဟာ ဆင်းရဲမွဲတေမှု ပြဿနာပါ” လို့ UNODC က ဂျယ်ရမီ ဒေါက်ဂလပ်စ် က ဆိုပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စတင်ခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၅ ဒသမ ၂ သန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး သောင်းနဲ့ချီတဲ့ လူတွေလည်း သေဆုံးခဲ့ရပါတယ်။ လက်ရှိမှာ လူဦးရေရဲ့ ထက်ဝက်လောက်ဟာ ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ်ကထက် ၂ ဆတောင် ပိုများလာတာပါ။ ဒါကြောင့် ဒေသခံ တောင်သူတွေအတွက်တော့ ဘိန်းစိုက်တာကပဲ အသက်ရှူပေါက် ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ဧကဟာ ၁၇ ရာခိုင်နှုန်းလောက်အထိ တိုးလာခဲ့ပြီး ၁၀ နှစ်အတွင်း အမြင့်ဆုံးစံချိန် ရောက်သွားတယ်လို့ UNODC က ဆိုပါတယ်။

ဒီအခြေအနေကို မြန်မာ့အိမ်နီးချင်း နိုင်ငံတွေကလည်း စိုးရိမ်နေကြပါတယ်။ အနောက်ဘက် ချင်းပြည်နယ်မှာလည်း ဘိန်းခင်းတွေ ပိုများလာနေပါတယ်။ ဒီပြည်နယ်ဟာ အိန္ဒိယနိုင်ငံက မဏိပူရနဲ့ မီဇိုရမ်ပြည်နယ်တွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာပါ။ မဏိပူရပြည်နယ်ရဲ့ ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ ဘီရန် ဆင်းဂ်ကတော့ “ရွှေတြိဂံဒေသဟာ အိန္ဒိယဘက်ကို ရွေ့လာနေပြီ” လို့ ညည်းတွားခဲ့ပါတယ်။ ဒါ့အပြင် တာဝန်ရှိသူတွေ အားလုံးအနေနဲ့ ဒီအန္တရာယ်ကို ပြင်းပြင်းထန်ထန် နှိမ်နင်းကြဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။

ထိုင်းနိုင်ငံကလည်း စိုးရိမ်ပူပန်နေပါတယ်။ မူးယစ်ဆေး မှောင်ခိုကူးသူတွေဟာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့ ထိုင်းနိုင်ငံရဲ့ လမ်းတွေကို အသုံးပြုပြီး သယ်ယူပို့ဆောင်ချင်ကြပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ထိုင်းနယ်စပ်မြို့ တချို့မှာ မူးယစ်ဆေးသုံးစွဲမှုနှုန်းက ၃ ဆအထိ ခုန်တက်သွားပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတခုကတော့ ဒေသတွင်းမှာ ဘိန်းတွေ ပိုပေါလာလို့ပါပဲ။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက စစ်ဗိုလ်ချုပ်ဘဝကနေ သမ္မတလုပ်လာတဲ့ မင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ်နဲ့ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဒီပြဿနာကို ဖြေရှင်းဖို့ “ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်” လို့ သဘောတူခဲ့ကြပါတယ်။

တကယ်တော့ ထိုင်းနိုင်ငံဟာ အရင်တုန်းက သူတို့နယ်မြေထဲက ဘိန်းခင်းတွေကို အောင်အောင်မြင်မြင် ဖယ်ရှားနိုင်ခဲ့တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အခုအခါမှာတော့ ထိုင်းပညာရှင်တွေ UNODC တို့ ပူးပေါင်းပြီး အဲဒီနည်းလမ်းတွေကို အသုံးပြုဖို့ မြန်မာစစ်အာဏာရှင်ကို ကူညီပေးနေပါတယ်။

အဓိက နည်းလမ်းကတော့ သီးနှံအစားထိုး စိုက်ပျိုးတာပါပဲ။ ဘိန်းအစား သစ်သီးဝလံလို တခြား ငွေရနိုင်တဲ့ သီးနှံတွေ ပြောင်းစိုက်ဖို့ တောင်သူတွေကို ထောက်ပံ့ငွေပေးတဲ့ စနစ်ပါ။ မြန်မာနိုင်ငံမှာဆိုရင် UNODC ဟာ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးနားက ကျေးရွာတွေမှာ ကော်ဖီစိုက်ပျိုးရေးကို ကူညီပေးနေပါတယ်။ ကုလသမဂ္ဂ အဖွဲ့တွေ သွားလာခွင့်ရတဲ့ နေရာတွေမှာတော့ ဒီအစီအစဉ်ဟာ အောင်မြင်မှုရှိတယ်လို့ ဂျယ်ရမီ ဒေါက်ဂလပ်စ်က ဆိုပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်းတွေကို ပိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖို့ကတော့ အခက်အခဲကြီးတခု ဖြစ်နေဆဲပါ။

စစ်အာဏာရှင်အနေနဲ့ ဒီပြဿနာကို တကယ် ဖြေရှင်းချင်စိတ် ရှိ၊ မရှိ ဆိုတာကတော့ သံသယဖြစ်စရာပါ။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်က ဘိန်းလုပ်ငန်းကနေ အကျိုးအမြတ် ရနေတယ်လို့ စွပ်စွဲခံနေရတာ ကြာပါပြီ။ နောက်ပြီး နယ်စပ်ဒေသတွေကို စစ်အာဏာရှင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အမျိုးမျိုးက ခွဲပြီး ထိန်းချုပ်ထားကြတာပါ။ တချို့အဖွဲ့တွေက စစ်တပ်နဲ့ မဟာမိတ်ဖြစ်ပြီး တချို့ကတော့ စစ်တပ်ကို ပြန်တိုက်နေကြပါတယ်။ ဒီလို ရှုပ်ထွေးနေတဲ့ အခြေအနေမှာ ဘိန်းခင်းတွေကို ဖျက်ဆီးဖို့ဆိုတာ ပိုပြီး ခက်ခဲသွားပါတယ်။ တောင်သူတွေဘက်က ကြည့်ပြန်ရင်လည်း ဘိန်းစိုက်တာက တခြားသီးနှံတွေထက် ဝင်ငွေ ပိုသေချာတယ်လို့ မြင်ကြပါတယ်။ စိုက်ပျိုးမြေ တဟက်တာ (၂ ဒသမ ၄ ဧကခန့်) ကို တွက်ကြည့်မယ်ဆိုရင် ဘိန်းစိမ်းက ရတဲ့အမြတ်ဟာ ကော်ဖီစိုက်လို့ရတဲ့ အမြတ်ထက် သုံးဆလောက်ကို ပိုများနေတာပါ။

ထိုင်းနိုင်ငံအနေနဲ့ သူတို့ရဲ့ တောင်တန်းတွေပေါ်ကနေ ဘိန်းခင်းတွေ လုံးဝ ပျောက်ကွယ်သွားအောင် နှစ် ၅၀ လောက် အချိန်ယူခဲ့ရပါတယ်။ ၁၉၅၈ ခုနှစ်ကတည်းက ဘိန်းလုပ်ငန်းကို တရားမဝင်အဖြစ် ကြေညာခဲ့ပေမဲ့ သူတို့ဆီမှာ ငြိမ်းချမ်းရေးလည်းရှိ၊ ငွေကြေးအင်အားလည်း ရှိလို့သာ ဒီလို အောင်မြင်ခဲ့တာပါ။ မြန်မာနိုင်ငံမှာတော့ အဲဒီ အချက် ၂ ချက်လုံး ရှိမနေပါဘူး။

Ref:The  Economist 

( The Economist မဂ္ဂဇင်း ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည့် “Black gold” is pouring out of Myanmar” သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013