
မြန်မာနဲ့ လာအိုနယ်စပ် မဲခေါင်မြစ်တွင်း ပြီးခဲ့တဲ့ အပတ်က နစ်မြှုပ်ပျက်စီးသွားတဲ့ Yunhang 01 အမည်ရှိ တရုတ်ကုန်တင်သင်္ဘောကို မဆည်ယူနိုင်သေးတာကြောင့် မြစ်ထဲ ကူးသန်းသွားလာနေတဲ့ လှေတွေ၊ သင်္ဘောတွေအနေနဲ့ အထူးသတိထားဖို့ မဲခေါင်ဆိပ်ကမ်းအာဏာပိုင်တွေက သတိပေး ထားပါတယ်။
အဆိုပါ Yunhang 01 သင်္ဘောဟာ နိုဝင်ဘာ ၆ ရက်က ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ ကျိန်းဆဲန်မြို့ ကျိန်းဆဲန်ဆိပ်ကမ်းမှ ထွက်ခွါလာပြီး တရုတ်ပြည် ဂွမ်လေဆိပ်ကမ်းသို့ ဦးတည် ခုတ်မောင်းစဉ် မြန်မာနဲ့ လာအိုနိုင်ငံကြား ဆွပ်လွေဒေသတွင်း မိုးသည်းထန် ရေစီးကြောင်းသန်လာလို့ မထိန်းချုပ် နိုင်ဘဲ မူလနေရာနဲ့ မီတာ ၃၀၀ အကွာထိ မျောသွားပြီး ကျောက်ဆောင်နဲ့ ဝင်တိုက်ကာ နစ်မြှုပ်သွား ခဲ့တာပါ။
လက်ရှိအချိန်အထိလည်း အဆိုပါသင်္ဘောဟာ မဲခေါင်မြစ်ကျဉ်းတနေရာကို ကန့်လန့်ဖြတ် အနေအထားနဲ့ နစ်မြှုပ်နေဆဲပါ။
အဆိုပါသင်္ဘောကို ပြန်လည်ဆယ်ယူနိုင်ဖို့ တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေက ကြိုးစားခဲ့ကြပေမဲ့ ရာသီဥတုဆိုးရွားတာ၊ ရေစီးသန်တာတွေကြောင့် မအောင်မြင်ဘဲ ရပ်နားထားရပါတယ်။
သင်္ဘောဆယ်ယူရေးလုပ်ငန်းကို နိုဝင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်တွေကျမှ ပြန်လည် အကောင်အထည်ဖော်နိုင်မယ်လို့ တရုတ်ဘက်က ထုတ်ပြန်ထားပါတယ်။
သင်္ဘောပေါ်မှာ တလုံးလျှင် အလေးချိန် တန် ၃၀ ရှိ ကွန်တိန်နာ ၈ လုံးတင်ဆောင်လာတယ်၊ ကွန်တိန်နာထဲက ကုန်ပစ္စည်းသေတ္တာ ၁၄ လုံးအနက် ၉ လုံးသာ ဆယ်ယူနိုင်ခဲ့ပြီး တခြားကုန်ပစ္စည်း တွေဟာလည်း အနီးနားတဝိုက် လွှင့်စင်ပြန့်ကျဲနေပါတယ်။
ဒါ့အပြင် သင်္ဘောကိုယ်ထည်မှာ ကျောက်ဆောင်နဲ့ တိုက်မိတဲ့အရှိန်ကြောင့် ခါးကနေ နှစ်ပိုင်း ပြတ်လု နီးပါးကျိုးနေပြီး ရာသီဥတုပေါ်မူတည်ကာ အချိန်မရွေး ပြတ်ကျသွားနိုင်တယ်။
သင်္ဘောထဲမှာလည်း ရေတွေဝင်နေပြီး မငြိမ်မသက်ဖြစ်နေတယ်၊ အပျက်အစီးအစိတ်အပိုင်းနဲ့ ကုန်ပစ္စည်းတွေဟာ မြစ်ရေလမ်းကြောင်းမှာ ပြန့်ကျဲသွားနိုင်တာမို့ သွားလာခုတ်မောင်းနေတဲ့ လှေ တွေ၊ သင်္ဘောတွေအနေနဲ့ အန္တရာယ်ကို သတိထားကြဖို့ ချင်းရိုင်ခရိုင် ဆိပ်ကမ်းအာဏာပိုင်တွေက နိုဝင်ဘာ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတယ်လို့ မန်နေဂျာ အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ ရေလမ်းကြောင်းမှာ ထိုင်း၊ မြန်မာ၊ တရုတ်နဲ့ လာအိုနိုင်ငံက ခရီးသည်တွေ၊ ကုန်တင် သင်္ဘောတွေ အမြဲလို သွားလာခုတ်မောင်းနေတာဖြစ်ပါတယ်။
Source: MGROnline / Chiangrai Top North News / ဒေသဆိုင်ရာသတင်း











