DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် လူသတ်အလောင်းဖျောက်မှုဖြင့် စွပ်စွဲခံရသည့် ဩစတြေးလျနိုင်ငံသားကို သေဒဏ်ပေးရန် တောင်းဆို
DVB
·
October 13, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ထိုင်းနိုင်ငံ၊ ပတ္တယားမြို့မှာ အသတ်ခံရပြီး ခရီးဆောင်အိတ်တလုံးထဲ အလောင်းထည့်ခံရတဲ့ အသက် ၁၇ နှစ်အရွယ် ထိုင်းမိန်းကလေးရဲ့ ဆွေမျိုးတွေက တရားခံလို့ စွပ်စွဲခံထားရတဲ့ ဩစတြေးလျနိုင်ငံသားကို သေဒဏ်ပေးဖို့ တောင်းဆိုလိုက် ပါတယ်။

ပတ္တယားခရိုင်တရားရုံး ကြားနာမှုအတွင်း သေဆုံးသူရဲ့ ဆွေမျိုးတွေကို တောင်းပန်ဖို့ ဩစတြေးလျ အမျိုးသားက ငြင်းဆိုခဲ့လို့ ခုလို တောင်းဆိုရတာလို့ အောက်တိုဘာ ၁၂ ရက်မှာ သူတို့က ပြောပါတယ်။

သေဆုံးသူရဲ့ ဖခင်ဖြစ်သူ အသက် ၄၆ နှစ်အရွယ် ထုံချိုင်း ဒွန်ဟုမ်လာက “တရားခွင်ထဲမှာ သူ ပြောခဲ့တဲ့ စကားတွေကို ကြားပြီးတဲ့နောက်မှာတော့ လူတယောက်ရဲ့ အသက်အတွက် လူတယောက်ရဲ့ အသက်နဲ့ပဲ ပေးဆပ်ရမယ်လို့ ကျနော် မြင်ပါတယ်”လို့ ပြောပါတယ်။

စွပ်စွဲခံ ဆိုင်မွန် ပီတာကာမဲန်ဟာ လူသတ်မှု၊ အလောင်းဖျောက်မှု၊ အလောင်းရွှေ့ပြောင်းဖျက်ဆီးမှုနဲ့ လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်အတွက် အသက်မပြည့်သေးသူတယောက်ကို ခေါ်သွားမှု စတဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

ဘန်ကောက်မြို့ရဲ့ အရှေ့ဘက် မိုင် ၉၀လောက် အကွာက ပတ္တယားမြို့မှာ ဖြစ်ခဲ့တဲ့ လူသတ်မှုနဲ့ ဆက်စပ်ပြီး ကာမဲန်ကို ဇွန် ၂၇ ရက် မနက်ပိုင်းမှာ ဘန်ကောက်မြို့က ဆူဝမ်နာဖွန် လေဆိပ်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

သေဆုံးသူ တန်ချန်နော့ ဒွန်ဟုမ်လာကို နောက်ဆုံးအကြိမ် အသက်ရှင်လျက် တွေ့ခဲ့တာက ဇွန် ၂၅ ရက်မနက် ၃ နာရီခွဲလောက် ဖြစ်ပြီး ကာမဲန်ရဲ့ ကွန်ဒို အဆောက်အအုံက ဓာတ်လှေကားဆီ ကာမဲန် နဲ့အတူ လက်ချင်းချိတ်ပြီး လျှောက်သွားနေတာကို CCTV မှတ်တမ်းထဲမှာ တွေ့ရပါတယ်။

၂ ရက်အကြာမှာ ကာမဲန် နေတဲ့နေရာနားက မီးရထားလမ်းဘေးမှာ စွန့်ပစ်ထားတဲ့ ခရီးဆောင်အိတ်တလုံးထဲကနေ တန်ချန်နော့ရဲ့ အလောင်းကို ရဲတပ်ဖွဲ့က တွေ့ခဲ့ပါတယ်။

သံသယရှိသူနဲ့ သေဆုံးသူတို့ အဆောက်အအုံ ဧည့်ခန်းမထဲ လျှောက်ဝင်သွားတာကို ပြထားတဲ့ ရုပ်သံမှတ်တမ်းရဲ့ ရက်စွဲကို လုံခြုံရေးကင်မရာမှတ်တမ်းမှာပါ အချိန်ပြမှတ်သားချက်နဲ့ ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာတွေက အတည်ပြုထားပါတယ်။

သံသယရှိသူတယောက် ခရီးဆောင်အိတ်ကို ကိုင်ပြီး အဆောက်အအုံအပြင်ဘက်ကို ထွက်သွားတာကို ပြထားတဲ့ ရုပ်သံမှတ်တမ်းရဲ့ရက်စွဲကို အတည်မပြုနိုင်ခဲ့ပေမဲ့ ၂၀၂၆ ခုနှစ်၊ ဇွန် ၂၇ ရက်မှာ ခရီးဆောင်အိတ်ကို တွေ့ခဲ့တာလို့ ရဲတပ်ဖွဲ့က  အတည်ပြုပါတယ်။

သေဆုံးသူမိန်းကလေးရဲ့ အဒေါ်ဖြစ်သူ မီရန်ထရီထာနာချိုင်က ကာမဲန်ကို တောင်းပန်စကားပြောဖို့ တိုက်ရိုက်တောင်းဆိုခဲ့ပေမဲ့ သူက အမှုကို မကျူးလွန်ခဲ့ဘူးလို့ ငြင်းဆိုခဲ့တဲ့အကြောင်း တရားရုံးအပြင်ဘက်မှာ ထာနာချိုင်က ပြောပါတယ်။

ဒီနေ့ သူ ပြောသွားတာတွေကြောင့် သူ့ကို သေဒဏ်အထိ ချမှတ်စေချင်ပါတယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013