DVB Logo
Home
မြန်မာသတင်း
သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ ပထမဆုရ အိမ့်ချစ်သူနှင့် ဂုဏ်ထူးဆောင်ဆုရ လူငယ်များကို ရှမ်းပြည်နယ်အဆင့် ဂုဏ်ပြုမည် 
DVB
·
June 4, 2026
Photo : ရှမ်း/တောင် မြို့နယ်ပေါင်းစုံ ဓမ္မစကူးလ်ကော်မတီ - တောင်ကြီးမြို့
Photo : ရှမ်း/တောင် မြို့နယ်ပေါင်းစုံ ဓမ္မစကူးလ်ကော်မတီ - တောင်ကြီးမြို့
Donate to DVB

ရန်ကုန်မှာ ကျင်းပပြီးစီးသွားတဲ့ ၁၃ ကြိမ် မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပွဲမှာ ရှမ်းပြည်နယ်ကိုယ်စားပြု ယဉ်ပြိုင်ပြီး ဗဟိုအဆင့်၊ အလယ်တန်းပထမ ဆုရခဲ့တဲ့ မအိမ့်ချစ်သူနဲ့တကွ ပြိုင်ပွဲအဆင့်ဆင့်မှာ ဂုဏ်ထူးဆောင်ဆု ရရှိခဲ့တဲ့လူငယ်တွေကို ရှမ်းပြည်နယ် အခြေစိုက် လူမှုအခြေပြုအဖွဲ့၊ ဘာသာရေးအဖွဲ့ ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့တွေနဲ့ ဒေသခံတွေက ဝိုင်းဝန်းကြိုဆိုဂုဏ်ပြုကြဖို့ရှိနေပါတယ်။ 

ဗုဒ္ဓဘာသာဆိုင်ရာ သိကောင်းစရာတွေကို အပေါ်ယံမဟုတ်ဘဲ နက်နက်နဲနဲလေ့လာဆည်းပူးပြီး  ပြိုင်ပွဲမှာ သာသနာ့ဂုဏ်ဆောင် ၊ ပြည်နယ်ဂုဏ်ဆောင် အမြင့်ဆုံးဆုကို ဆွတ်ခူးလာနိုင်တဲ့ မအိမ့်ချစ် သူနဲ့ တကွ ဂုဏ်ထူးဆောင်အောင်မြင်ခဲ့တဲ့  လူငယ် ၅၆  ယောက်ကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုပေးတဲ့အနေနဲ့ရော ရှမ်းပြည်နယ်ရှိ လူငယ်တွေ အတုယူ စံနမူနာဖြစ်အောင် တခမ်းတနား ကြိုဆိုဖို့ စီစဉ်ရတာလို့ ရှမ်းပြည်တောင်ပိုင်း မြို့နယ်ပေါင်းစုံ ဓမ္မစကူးလ်ကော်မတီ ဥက္ကဋ္ဌ   သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲဆုရသူများအား ကြိုဆို ဂုဏ်ပြုရေးကော်မတီ ဥက္ကဋ္ဌ  ဦးစံလင်းက ပြောပါတယ်။

“ဒီကလေးလေးက ဓမ္မစကူးတွေမှာလည်း ၅ နှစ်လောက်တက်ခဲ့တယ်။ ဓမ္မစကူးကနေ ပေါက်ဖွားလာတဲ့ကလေးဖြစ်တဲ့အတွက် ဓမ္မစကူးလ်ရဲ့ အခြေခံတွေနဲ့ ဒီကလေးတွေရဲ့ ဘာသာရေးမှာ အရမ်းစနစ်တကျနဲ့ ကြီးထွားလာကြတာပေါ့လေ။ ကျနော်တို့လူကြီးတွေ အများစုတောင်မှ မိရိုးဖလာအရဘဲ ဗုဒ္ဓဘာသာဖြစ်လာတာ၊ ဒီကလေးတွေကျတော့ အောက်ခြေကနေပြီးတော့မှ လေ့လာဆည်းပူးသင့်တာတွေကို ဆရာကောင်းသမားကောင်းတွေနဲ့  ကြီးပြင်းလာကြတော့ သူတို့ ဟာ အရမ်းကို အဆင့်အတန်းမြင့်တဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။ ဒီကလေးမလေး ( မအိမ့်ချစ်သူ )ကလည်း သိပ်ကိုတော်တဲ့ကလေးဖြစ်တယ်။ ကျန်တဲ့လူငယ်တွေ ကလေးတွေ အကုန်လုံးက သူ့ကို အားကျပြီးတော့၊  ကျနော်တို့ ဘာသာသာသနာကို ထိန်းသိမ်းချင်တဲ့စိတ်တွေ ပိုများလာမယ်  ကြိုးစားလာကြမယ်လို့  မျှော်လင့်တယ်။”

ဒီကြိုဆိုဂုဏ်ပြုပွဲကို မြို့နယ်ပေါင်းစုံ ဓမ္မစကူးလ်ကော်မတီနဲ့ ရှမ်းတောင်ပရဟိတညီနောင်များ ကွန်ရက်တို့က အဓိကကမကထပြု ကျင်းပပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုပွဲအတွက် လိုအပ်တဲ့ ကိစ္စအဝဝကို အပြည့်အဝပံ့ပိုးပေးတယ်လို့ ဆိုပါတယ်။

ဇွန် ၆ ရက်နေ့ ဂုဏ်ပြုပွဲမှာ မအိမ့်ချစ်သူနဲ့တကွ ဆုရသူတွေပါတဲ့ ယာဉ်တန်းဟာ  မနက် ၉ နာရီမှာ ကလောမြို့ကနေ စတင်ထွက်ခွာမှာဖြစ်ပြီး အဲဒီနောက်  အောင်ပန်း၊ ဟဲဟိုး၊ ရွှေညောင် ဒက္ခိဏရာမကျောင်း၊ အေးသာယာနဲ့ တောင်ကြီး ရတနာသီရိလမ်း၊ ဗိုလ်ချုပ်လမ်း၊ သာသနာ့ဗိမာန်ဆောင် ၊ မြို့မဈေး ၊ ဗိုလ်ချုပ်ပန်းခြံစတဲ့ လမ်းကြောင်းတွေကနေ မြို့တော်ခမ်းမဆီ ရောက်လာမှာ ဖြစ်ပါတယ်။

လမ်းတလျှောက်လုံး သက်ဆိုင်ရာအဖွဲ့အစည်းနဲ့  ကျောင်းသူကျောင်းသားတွေက လမ်းဘေး တဘက်တချက်ကနေ စောင့်ဆိုင်းနှုတ်ဆက် ဂုဏ်ပြုမယ်၊ တချို့နေရာမှာ စတုဒိသာကျွေးမွေးပြီး တချို့နေရာမှာ ဧည့်ခံဖျော်ဖြေရေးတွေနဲ့ မြို့တော်ခန်းမထဲမှာ ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်မယ်လို့ သိရပါတယ်။

ပထမဆုရ မအိမ့်ချစ်သူဟာ တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက်နေ ဦးကျော်လင်းနိုင်နဲ့ ဒေါ်နှင်းနွယ်စိုးတို့ရဲ့ သမီးကြီးဖြစ်ပါတယ်။

ဖခင်မှာ ပန်းရံလုပ်သားဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာလ မိဘနဲ့ မောင်နှမအားလုံး ရောဂါကူးစက်ခံရ ချိန်မှာ မအိမ့်ချစ်သူ တယောက်တည်း ပန်းရောင်းပြီး အိမ်အတွက် ရှာကျွေးခဲ့ရပေမဲ့ ပညာရေးကို အပျက်မခံဘဲ အမြဲကြိုးစားခဲ့သူဖြစ်ပါတယ်။

နဝမတန်းရောက်သည်ထိ နှစ်တိုင်းလို ပညာရည် ထူးချွန်ဆုရခဲ့ကာ တောင်ကြီးမြို့ အေးမြဂရုဏာ ဓမ္မစကူးလ်မှ ကျောင်းသူတယောက်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်းက ကျင်းပခဲ့တဲ့ မြန်မာတနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပွဲမှာ သူဟာ “ လူငယ်နဲ့ ဗုဒ္ဓဓမ္မ “ အကြောင်း စီကာပတ်ကုံး ဖြေဆိုခဲ့တဲ့အပြင် ဗုဒ္ဓတရားတော်ဆိုင်ရာ ခက်ခဲနက်နဲ တဲ့ မေးခွန်း ၁၀ ဆင့်ကိုလည်း အချိန်တိုတိုအတွင်း မှန်ကန်စွာဖြေဆို နိုင်ခဲ့တာကြောင့် ပထမဆု ရရှိခဲ့တာဖြစ်ပါတယ်။

ဆုငွေတွေအနေနဲ့ ပထမဆုကြေး ကျပ်သိန်း ၅၀၀၊  ထပ်တိုးချီးမြှင့်ငွေ  ကျပ်သိန်း ၅၀၀ ၊ အခြေခံ ဆုကြေး  ကျပ် ၁၀ သိန်း ၊  KBZ Bank မှ ချီးမြှင့်ငွေ  ကျပ်သိန်း ၁,၀၀၀ ကျော် အခြား စေတနာရှင် အလှူရှင်တွေရဲ့ ချီးမြှင့်ငွေ ကျပ်သိန်း ၄၀၀ ကျော် စုစုပေါင်း ကျပ်သိန်းပေါင်း ၂,၀၀၀ ‌ကျော် ရခဲ့ပါတယ်။

ဒါ့အပြင် စိန်ဆိုင်ရွှေဆိုင်တွေကလည်း သီးသန့် ဆုချီးမြှင့်တာကြောင့် မိဘနဲ့ မိသားစုကို ဆင်းရဲတွင်း မှ ဆွဲထုတ်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ 

Source: ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက် /  ရှမ်း/တောင် မြို့နယ်ပေါင်းစုံ ဓမ္မစကူးလ် ကော်မတီ - တောင်ကြီးမြို့ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013