
စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်စေရေးအတွက် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ ရပ်တည်သွားမယ်လို့ ရှမ်းပြည်နယ် CDM ကောင်စီက ပြောကြားလိုက်ပါတယ်။
မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို အကြမ်းမဖက်တဲ့နည်းနဲ့ အာဏာဖီဆန်ရေးလှုပ်ရှာမှု (Civil Disobedience Movement)မှာ ပါဝင်နေကြတဲ့ ရှမ်းပြည်နယ်အတွင်းက CDM နိုင်ငံဝန်းထမ်းတွေကို စုစည်းနိုင်သမျှ စုစည်းပြီး ပထမအကြိမ် အထွေထွေညီလာခံကို ဇူလိုင် ၂၅ ကနေ ၂၇ ရက်အထိ ကျင်းပခဲ့ပြီး ရှမ်းပြည်နယ် CDM ကောင်စီ (SHAN STATE CDM COUNCIL) ရဲ့ ဖွဲ့စည်းပုံနဲ့ အလုပ်အမှုဆောင်ကော်မတီကို တရားဝင် ဖွဲ့စည်းကာ တာဝန်ပေးအပ်ခဲ့ပါတယ်။
ရှမ်းပြည်နယ် CDM ကောင်စီရဲ့ တာဝန်ရှိသူတယောက်က “ကောင်စီရဲ့ မျှော်မှန်ချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ရှမ်းပြည်နယ်မှသည် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတဝန်းလုံးမှာရှိတဲ့ နိုင်ငံဝန်းထမ်းရေးရာကိစ္စတွေနဲ့ စပ်လျဉ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံဝန်ထမ်းယန္တရားကို အထောက်ကူနိုင်အောင် ကြိုးစားဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။
ရှမ်းပြည်နယ် CDM ကောင်စီဟာ CDM နိုင်ငံဝန်ထမ်းတွေအတွက် တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနဲ့ လူမှုဖူလုံရေးကိစ္စရပ်တွေကို အကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်ထားသလို CDM နိုင်ငံဝန်ထမ်းတွေအတွက် ပြည်ထောင်စုအစိုးရရဲ့ ကတိကဝတ်အာမခံချက်တွေကို အကောင်အထည်ဖော် ဖြည့်ဆည်းပေးနိုင်ရေး တိုက်တွန်းနိုင်ဖို့ဖြစ်ပြီး CDM နိုင်ငံဝန်းထမ်းဆိုင်ရာ ဥပဒေနဲ့စပ်လျဉ်းပြီး အထောက်အကူဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ် CDM ကောင်စီရဲ့ တာဝန်ရှိသူ “ကောင်စီအနေနဲ့ CDM နိုင်ငံဝန်ထမ်းတွေအတွက် တရားမျှတရေး၊ တန်းတူညီမျှရေး၊ လူ့အခွင့်အရေးနဲ့ လူမှုဖူလုံရေးတွေအပြင် စွမ်းရည်တိုးတက်စေရေး သင်တန်းတွေ ဖွင့်လှစ်တာ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကိစ္စရပ်တွေကို ချိတ်ဆက်လုပ်ဆောင်တာတွေ ရှိပါတယ်” လို့ ပြောပါတယ်။
ရှမ်းပြည်နယ် CDM ကောင်စီမှာ လက်ရှိအနေနဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အားကစား၊ ပြည်ထဲရေး၊ စိုက်မွေးဆည်၊ သယံဇာတနဲ့ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန စသဖြင့် ဝန်းကြီးဌာန ၇ ခုက CDM နိုင်ငံဝန်ထမ်းတွေ ပါဝင်နေတာပါ။
ဆက်လက်ပြီးလည်း အခြားဝန်ကြီးဌာနက CDM နိုင်ငံဝန်းထမ်းတွေကို ချိတ်ဆက်ပြီး ကျစ်လျစ်ခိုင်မာအားကောင်းတဲ့ CDM နိုင်ငံဝန်းထမ်းအဖွဲ့အစည်းတရပ်အဖြစ် ရပ်တည်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။











