DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်တွင် အကြမ်းဖက်ခံရသော အမျိုးသမီးနှင့် ကလေးများ တရားမျှတမှု ငြင်းပယ်ခံရ
DVB
·
July 30, 2026
Photo:SWAN
Photo:SWAN
Donate to DVB

ရှမ်းပြည်နယ်မှာ အမျိုးသမီးနဲ့ ကလေးတွေပေါ်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေဆဲဖြစ်ပြီး တရားမမျှတမှု၊ လုံခြုံမှုနဲ့ အထောက်အပံ့ရရှိရေး ကိစ္စတွေမှာလည်း ကြီးမားတဲ့ အတားအဆီးတွေနဲ့ ကြုံတွေ့နေရတယ်လို့ ထိုင်းအခြေစိုက် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) က ပြောပါတယ်။ 

ဇူလိုင် ၃၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ “တရားမျှတမှု ငြင်းပယ်ခံရခြင်း” ဆိုတဲ့ အစီရင်ခံစာမှာ ခုလို ရေးသားဖော်ပြလိုက်တာပါ။ 

SWAN အနေနဲ့ ရှမ်းပြည်နယ်တဝန်းက လိင်ပိုင်းဆိုင်ရာနဲ့ ကျားမခွဲခြားမှု (SGBV) ဖြစ်စဉ်ပေါင်း ၁၇၂ ခုကို အချက်အလက်ကောက်ယူ မှတ်တမ်းတင်ထားရာမှာ အဲဒီထဲက အိမ်တွင်းနဲ့ ရင်းနှီးတဲ့ လက်တွဲဖော်ကြားဖြစ်ပွားတဲ့ အကြမ်းဖက်မှုဖြစ်စဉ် ၈၉ ခု (၅၁ ဒသမ ၇ ရာနှုန်း) ပါရှိတယ်။ အများစုက ခင်ပွန်း ဒါမှမဟုတ် ချစ်သူရည်းစားက ကျူးလွန်တာဖြစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲမှု ပြဿနာတွေက အခြေအနေကို ပိုဆိုးရွားစေခဲ့တယ်လို့ ဆိုပါတယ်။ 

မုဒိမ်းကျင့်မှုနဲ့ မုဒိမ်းကျင့်ဖို့ ကြိုးပမ်းမှုဖြစ်စဉ် ၇၀ ရှိတယ်၊ အဲဒီမှာ အသက် ၁၈ နှစ် အောက် ကလေးက ၃၀ ပါဝင်ပြီး အသက်အငယ်ဆုံး ရှင်သန်လွတ်မြောက်လာသူမှာ ၃ နှစ်အရွယ်ပဲ ရှိသေးတယ်။ကျူးလွန်သူတွေထဲက ၁၅ ရာခိုင်နှုန်းဟာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း၊ လက်နက်ကိုင်အဖွဲ့အစည်းက စစ်သားတွေလို့ ဆိုပါတယ်။ 

ထိခိုက်လွယ်သူတွေပေါ် ကျုးလွန်မှုတွေနဲ့ အသက်ဆုံးရှုံးမှုတွေဟာ စိုးရိမ်ဖွယ်ဖြစ်ပြီး ရှင်သန်လွတ်မြောက်လာသူ ၁၂ ယောက်ဟာ စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် ကိုယ်လက်အင်္ဂါ မသန် စွမ်းသူတွေဖြစ်တယ်၊ ဒါ့အပြင် ဖြစ်စဉ် ၇ ခုမှာ လူသတ်မှုဖြစ်ခဲ့ပြီး နောက်ဖြစ်စဉ် ၇ ခုကတော့ အဆုံးစီရင်ခံရတာ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးပမ်းတာတွေ ပါဝင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

SWAN ရဲ့ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းစဉ် တာဝန်ရှိသူ ဆိုင်က  “ရှမ်းပြည်နယ်မှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေဟာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေဆဲ ဖြစ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းတခုအဖြစ် တည်ရှိနေတာကို တွေ့ရှိချက်က ပြနေပါတယ် ” လို့ ပြောပါတယ်။ 

ဒါ့အပြင် ရှင်သန်လွတ်မြောက်လာသူတွေဟာ အကြမ်းဖက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက် ဒဏ်ရာတွေ ခံစားရုံတင်သာမက တရားမျှတမှု၊ လုံခြုံမှုနဲ့ အထောက်အပံ့တွေ ရရှိရေးမှာလည်း ကြီးမားတဲ့ အတားအဆီးတွေကို ရင်ဆိုင်ကြုံတွေ့နေကြရတယ်” လို့  ဆိုင် က ပြောပါတယ်။ 

တရားမျှတမှုရရှိဖို့လည်း စနစ်ပိုင်းဆိုင်ရာ အတားအဆီးတွေရှိနေတယ်။ ဖြစ်စဉ်ပေါင်း ၁၇၂ ခုထဲက တဝက်လောက်ပဲ ဖြေရှင်းအရေးယူပေးတာရှိတယ်၊ ထိခိုက်ခံစားရသူ ၇၀ ရာနှုန်းကျော်ဟာ သူတို့ခံရတဲ့ကိစ္စ ကျေးရွာလူကြီးတွေထံ တိုင်ကြားခဲ့ပေမဲ့ အကြမ်းဖက်မှုကို “မိသားစု ကိုယ်ရေးကိုယ်တာကိစ္စ” လို့ သဘောထားပြီး လျစ်လျူရှုခံရတယ်။ နစ်နာသူတွေကို ကာကွယ် စောင့်ရှောက်ပေးမယ့်အစား အတင်းအကျပ် လက်ထပ်ပေးလိုက်တာ၊ ငွေကြေးနဲ့ အလျော် ပေးခိုင်းလိုက်တာပဲ ရှိတယ်၊ မြန်မာစစ်တပ် ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က စစ်သားတွေရဲ့ ကျူးလွန်ခံရသူတွေဟာ  ခြိမ်းခြောက်ခံရတာ၊ ဖြစ်စဉ်ဖုံးကွယ်ဖျောက်ဖျက်ခံရတာ တွေအပြင် ကျူးလွန်သူတွေဟာလည်း အပြစ်ပေးအရေးယူမခံရဘဲ လွတ်မြောက်နေတယ်၊ ဒါ ကြောင့်  ပိုကြီးမားတဲ့ အန္တရာယ်ကို ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

SWAN အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ရပ်ကျေးတရားစီရင်မှုမှာ တာဝန်ရှိသူအားလုံးကို လိင်ပိုင်းဆိုင်ရာနဲ့ ကျားမအခြေပြုအကြမ်းဖက်မှုခံရသူတွေကို ဗဟိုပြုတဲ့ တုံ့ပြန်ဆောင်ရွက်မှု ပိုမိုအားကောင်းအောင် ဆောင်ရွက်ဖို့ တိုက်တွန်းတယ်၊ တရားမျှတမှုနဲ့ ဘက်စုံ ထောက်ပံ့ ကူညီမှုတွေ ရရှိစေဖို့ အာမခံချက်ပေးရေးအပြင် အကြမ်းဖက်မှုတည်မြဲစေတဲ့ ဘေးဥပါဒ်ဖြစ်စေတဲ့ ကျားမခွဲခြားမှုဆိုင်ရာ ဓလေ့ထုံးစံတွေ ကိုင်တွယ်ဖြေရှင်းပေးဖို့ တိုက်တွန်းထားပါတယ်။ 

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း မြန်မာစစ်တပ်ပေါ်ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေ တိုးမြှင့်ဖို့ ၊ လက်နက်ရောင်းချမှု ပိတ်ပင်တားဆီးရေး၊ ဘက်စုံကမ္ဘာလုံးဆိုင်ရာအစီအစဉ်တွေ အကောင်အထည်ဖော်ဖို့ တိုက်တွန်းပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးကတဆင့် တာဝန်ခံမှုရှိစေရေး ကြိုးပမ်းအားထုတ်မှု အပါအဝင် နိုင်ငံတကာအဆင့် တာဝန်ခံမှုရှိစေရေး ယန္တရားတွေ ထောက်ခံအားပေးဖို့၊ ဒေသခံအမျိုးသမီး ဦးဆောင်တဲ့ အဖွဲ့အစည်းတွေကို စဉ်ဆက်မပြတ်  ထောက်ပံ့ကူညီခြင်းဖြင့် “အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ” လုပ်ငန်းစဉ်ကို မြှင့်တင်ဆောင်ရွက်သွားဖို့လည်း တိုက်တွန်းထားပါတယ်။ 

SWAN တာဝန်ခံ နန်းခမ်းအွန်ကလည်း “အမျိုးသမီးတွေပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို အဆုံးသပ်ပြီး ရှင်သန်လွတ်မြောက်လာသူတွေအတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ တရားမျှတမှုရရှိဖို့ အသေအချာ မဖြစ်သရွေ့ မြန်မာပြည်မှာ ရေရှည်တည့်တံ့တဲ့ ငြိမ်းချမ်း‌ရေးရနိုင်မှာမဟုတ်ဘူး” လို့ ပြောသွားပါတယ်။ 

Source: SWAN ( Shan Women’s Action Network) 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013