
တောင်အဖရိကနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတာဟာ နိုင်ငံအတွက် အရှက်ရစရာတရပ်ပါပဲလို့ သမ္မတ ဆီရယ်လ် ရာမာဖိုဆာက ပြောကြားလိုက်ပြီး ဒီစကားကိုတော့ သီတင်းပတ်ကုန်ရက်အတွင်း အမျိုးသမီးတယောက်ရဲ့ အလောင်းကို ထပ်မံတွေ့ရှိခဲ့ရပြီးနောက်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ အီကူရ် ဟူလနီ မြို့နယ်အတွင်းမှာ ဇူလိုင်လကတည်းက အမျိုးသမီး ၁၁ ယောက်ရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်။
အစိုးရဘက်က အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို တားဆီးပေးမယ်လို့ အကြိမ်ကြိမ် ကတိကဝတ် ပြုခဲ့ပေမဲ့ အခုလို အလောင်းတွေ ထပ်တွေ့လာရတဲ့အတွက် နိုင်ငံအတွက် ပြင်းထန်တဲ့ နာကျင်စရာနဲ့ အရှက်ရစရာ ဖြစ်လာရကာ တနိုင်ငံလုံးနဲ့ အမျိုးသမီးထုတရပ်လုံး အလွန်အမင်း ဒေါသထွက်နေကြပြီဖြစ်ကြောင်း သမ္မတ ရာမာဖိုဆာက စက်တင်ဘာ ၃၀ ရက် ညပိုင်း ရုပ်မြင်သံကြား မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
အသတ်ခံရသူ အများစုဟာ အသက် ၂၀ သို့မဟုတ် ၃၀ ဝန်းကျင်တွေ ဖြစ်ကြပြီး တချို့ အလောင်း တွေကိုတော့ အဝတ်အစားတွေ ဖယ်ရှားခံထားရတာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံထားရတဲ့ လက္ခဏာတွေနဲ့အတူ တွေ့ရှိခဲ့ပါတယ်။
လက်ရှိမှာလည်း အဲဒီအထဲက ရုပ်အလောင်းတချို့ဟာ အစိုးရရင်ခွဲရုံတွေထဲမှာ ဆက်လက်ရှိနေဆဲ ဖြစ်ပြီး မိသားစုဝင်တွေက အတည်ပြုဖို့၊ လာရောက်ထုတ်ယူဖို့နဲ့ နောက်ဆုံးခရီးအတွက် သင်္ဂြိုဟ်ဖို့ စောင့်ဆိုင်းနေကြရတယ်လို့လည်း သမ္မတက ဆိုပါတယ်။
အမျိုးသမီး ၁၁ ယောက် သေဆုံးမှုရဲ့ နောက်ကွယ်မှာ ကွင်းဆက်လူသတ်သမားတယောက် ရှိနေတယ်ဆိုတဲ့ အထောက်အထားကို ရဲတပ်ဖွဲ့က မတွေ့ရသေးပေမဲ့ ဖြစ်နိုင်ခြေရှိသမျှ အရာအားလုံးကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ ရာမာဖိုဆာက ပြောပါတယ်။
ဒါ့အပြင် အဲဒီလူသတ်မှုတွေထဲက ၃ မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးမှုတွေ လုပ်ဆောင်ထားပြီး ဖြစ်ပြီး သေဆုံးမှုတွေနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လမ်းစပျောက်သွားအောင် လုံးဝ အလဟဿ မဖြစ်စေရဘူးလို့လည်း ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။
တောင်အဖရိကနိုင်ငံဟာ လူဦးရေအချိုးအဆနဲ့ တွက်ရင် ကမ္ဘာပေါ်မှာ လူသတ်မှုနှုန်း အမြင့်ဆုံးနိုင်ငံ တွေထဲမှာ တနိုင်ငံ အပါအဝင် ဖြစ်ပါတယ်။
ဒါပေမဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေမှာ အကျင့်ပျက်ခြစားမှုတွေနဲ့ အရင်းအမြစ် လိုအပ်ချက် တွေကြောင့် အားနည်းချက်တွေ ရှိနေပါတယ်။
လူသတ်မှု ၁၀ မှုမှာ တမှုလောက်သာ အဖမ်းအဆီးမိပြီး အမှုမှန် ပေါ်လွင်တာ ဖြစ်ပါတယ်။
Source: Reuters










