
ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဟန်ဒုံးမြို့နယ်ထဲမှာ ခွင့်ပြုချက်မရဘဲ ရုပ်ရှင်ရိုက်ကူးတဲ့ တရုတ်နိုင်ငံသား ၃ ယောက် ဖမ်းဆီးခံရတယ်လို့ ချင်းမိုင်နယူးစ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
နမ့်ဖရဲ့ရပ်ကွက်ထဲမှာ တရုတ်နိုင်ငံသားတချို့ ညအချိန် ဆူညံသံပြုပြီး ရိုက်ကူးရေးတွေ လုပ်နေတာဟာ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်ကြောင်း တိုင်ကြားချက် ရတာကြောင့် ဟန်ဒုံးမြို့နယ် ရဲစခန်း ရဲမှူး ကျကရီယုဒ် ချိုးတိချီရဖုန်း ဦးဆောင်တဲ့ တာဝန်ရှိသူတွေဟာ မေ ၁၉ ရက်က သွားရောက်စစ်ဆေးခဲ့ပါတယ်။
နမ့်ဖရဲ့ရပ်ကွက် ခလောင်းချွန်းပထန်းလမ်းရှိ ကော်ဖီဆိုင်တဆိုင်မှာ တရုတ်နိုင်ငံသားတွေ ကင်မရာ ရိုက်ကူးရေးကိရိယာတွေ ပြင်ဆင်ထားတာ တွေ့ရတယ်၊ ရုပ်သံဇာတ်လမ်းရိုက်ကူးဖို့ ဖြစ်ပြီး ခွင့်ပြုချက်စာရွက်စာတမ်းရှိပေမဲ့ ရိုက်ကူးရေးလုပ်သူတွေဟာ အလုပ်လုပ်ခွင့်လက်မှတ် မရှိတာကြောင့် ရိုက်ကူးထုတ်လုပ်တဲ့ တရုတ်နိုင်ငံသား ၃ ယောက်ကို နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲမှုဆိုင်ရာဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။
အဆိုပါ ဟန်ဒုံးမြို့နယ်ထဲမှာပဲ ဒီမေ ၈ ရက်နေ့က ခွင့်ပြုချက်မရှိဘဲ ရုပ်ရှင်ရိုက်ကူးရေး လုပ်ခဲ့တဲ့ တရုတ်နိုင်ငံသား ၈ ယောက် ဖမ်းဆီးခံခဲ့ရပါသေးတယ်။
အဲဒီအဖွဲ့ကတော့ ရုပ်ရှင်ရိုက်ကူးရေး ခွင့်ပြုချက်မရှိတဲ့အပြင် ရိုက်ကူးသူတွေမှာလည်း ထိုင်းနိုင်ငံထဲကို အလည်အပတ်ဗီဇာနဲ့သာ ဝင်ရောက်လာတာကြောင့် ရုပ်သံရေဒီယိုဆိုင်ရာဥပဒေ၊ နိုင်ငံခြားအလုပ်သမားစီမံခန့်ခွဲရေးဥပဒေနဲ့ပါ အရေးယူခံထားရတယ်။
နိုင်ငံခြားသားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ ရုပ်ရှင်/ရုပ်သံဇာတ်လမ်းတွဲတွေ လာရောက်ရိုက်ကူးလိုပါက ဇာတ်ညွှန်းနဲ့အတူ သက်ဆိုင်ရာကို ခွင့်ပြုချက်တောင်းရမှာ ဖြစ်တယ်။
ရိုက်ကူးရေး လုပ်စဉ်မှာလည်း ဇာတ်လမ်းအကြောင်းအရာတွေဟာ ထိုင်းနိုင်ငံနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို ထိခိုက်မှု ရှိ၊မရှိ စောင့်ကြည့်ရန် ထိုင်းနိုင်ငံသားတယောက် ပါဝင်ကြည့်ရှုနေရမှာ ဖြစ်တယ်။
ဥပဒေချိုးဖောက်က ငွေဒဏ် ဘတ် ၁ သန်းထိ ပေးဆောင်ရနိုင်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: Chiangmai News / ThaiPBS











